World Rabies Day Leave a comment

နှစ်စဉ် September 28 ရက်နေ့သည် (“World Rabies Day”) ကမ္ဘာ့ခွေးရူးပြန်ရောဂါ ကာကွယ်ရေးနေ့ဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါနဲ့ စပ်လျဉ်းပြီး သိသင့်တဲ့အသိပညာလေးတွေကို အားလုံးသိအောင်မျှဝေပေးချင်ပါတယ်။
ကမ္ဘာ့ခွေးရူးပြန်ရောဂါ ကာကွယ်ရေးနေ့ကို ကမ္ဘာတစ်ဝှမ်းတွင် ခွေးရူးပြန်ရောဂါကို တိုက်ဖျက်ရန်အတွက် အသိပညာပေးရန်နှင့် ထောက်ခံအားပေးရန် ရည်ရွယ်ပြီး ခွေးရူးပြန်ရောဂါကို ကာကွယ်ရန် လူသားအားလုံး ၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများကို သိရှိစေရန် ရည်ရွယ်တင်ပြပါသည်။
World Rabies Day ကိုနှစ်စဉ် စက်တင်ဘာလ ၂၈ရက်နေ့တွင် ကျင်းပရခြင်းမှာ ယင်းနေ့တွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အောင်မြင်စွာတီထွင် နိုင်ခဲ့သောကြောင့်ဖြစ်ပါသည်။ ခွေးရူးပြန်ရောဂါဟာ ကမ္ဘာတစ်ဝန်းလုံး၌ ၁၅မိနစ်လျှင်တစ်ယောက် တစ်ရက်လျှင်ပျမ်းမျှ လူဦးရေအယောက် ၁၀၀ ကို သေစေနိုင်ပြီး ၉၉% သည်ခွေးမှအဓိက ကူးစက်သောအရင်းအမြစ်ဖြစ်ပါသည်။ ခွေးရူးပြန်ရောဂါ ထိန်းချုပ်မှုအနေနှင့် နီးစပ်ရာခွေးများကို ကာကွယ်ဆေးလိုက်လံ ထိုးပေးခြင်းဖြင့် ကူးစက်မှုအရင်းအမြစ်ကို ရပ်စေပြီး လူထုကိုကာကွယ်ပေးနိုင်ပါသည်။ ခွေးရူးပြန်ရောဂါသည် ၁၀၀% သေစေနိုင်သော်လည်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။
ကြိုတင်ကာကွယ်မှု ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထိန်းချုပ်မှုနည်းလမ်းများ မညီမျှခြင်းကြောင့် အာဖရိကနှင့်အာရှတိုက်ရှိ လူအားလုံး ၅၉၀၀၀ ခန့်နှစ်စဉ်သေဆုံးနေပါသည်။ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှုကိုချေမှုန်းရန် နိုင်ငံတကာအဖွဲအစည်းများ၊ တိရိစ္ဆာန်ဆေးကု၊ ပြည်သူ့ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများသည် ရောဂါဒဏ်အခံရဆုံးသော ဒေသများတွင်ခွေးရူးပြန်ရောဂါကိုနှိမ်နင်းရန် ပူးပေါင်းဆောင်ရွက်မှုသည် အောင်မြင်မှုအတွက် အရေးကြီးသည်ဖြစ်၍ ပါဝင်သင့်ပါသည်။
ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးရာတွင် အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။
(၁) တိရိစ္ဆာန်ကို ကာကွယ်ဆေးထိုးခြင်း၊
ကျန်းမာနေသော ခွေး၊ ကြောင်၊ ကျွဲ၊ နွား၊ ဆိတ်၊ သိုး၊ မြင်း၊ ဝက် တို့ကိုရောဂါမကူးစက်နိုင်အောင် ခွေးရူးရောဂါ ကာကွယ်ဆေးကြိုတင်ထိုးခြင်းဖြစ်ပါသည်။ ဒီဆေးက ခွေးရူးရောဂါ (သို့) သံသယဖြစ်ဖွယ်တိရိစ္ဆာန်က ကိုက်ပြီးနောက်မှ ထိုးရတဲ့ဆေးမဟုတ်ပါဘူး။ တချို့ကအကိုက်ခံရပြီး နောက်ပိုင်းတွင် ကိုက်ခံရတဲ့ တိရိစ္ဆာန်ကိုခွေးရူးရောဂါ ကာကွယ်ဆေးခြောက်ကြိမ် ထိုးပါက ခွေးရူးရောဂါကို ကာကွယ် နိုင်တယ်ဆိုတဲ့အချက်က အရမ်းမှားယွင်းပါတယ်။ တိရိစ္ဆာန်များအတွက် ခွေးရူးရောဂါဆေးက ကြိုတင်ကာကွယ်ဆေးပဲ ရှိပါသေးတယ်။ အကိုက်ခံရပြီးနောက် ထိုးရသည့်ဆေးမရှိသေးပါဘူး။ ကြိုတင်ကာကွယ်ဆေးကို ပြည့်ဝစွာကျန်းမာသော တိရိစ္ဆာန်အားထိုးမှသာ ခွေးရူးရောဂါအတွက် ကိုယ်ခံအားကို ပြည့်စုံလုံလောက်စွာရမှာပါ။
(၂) လူကိုကာကွယ်ဆေးထိုးခြင်း၊
(က) အကိုက်မခံရခင် ကြိုတင်ကာကွယ်ဆေးထိုးခြင်း၊
တိရိစ္ဆာန်များကို လက်ပွန်းတတီးကိုင်တွယ်နေရသော တိရိစ္ဆာန်ဆေးကုဆရာဝန်များ၊ တိရိစ္ဆာန်ထိန်းကျောင်းသူများ၊ လေ့ကျင့်ပေးရသော သင်တန်းဆရာများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ခွေးရူးရောဂါအန္တရာယ်ဇုန်သို့ သွားရောက်ရမည့် ခရီးသွားများအနေဖြင့် ထိုးသင့်သော ကာကွယ်ဆေးဖြစ်ပါသည်။
ကြိုတင်ကာကွယ်ဆေးထိုးရမည့် အစီအစဉ်မှာDay 0, Day 7, Day 28 တို့ဖြစ်ပြီး နောက်ထပ် နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာတိုင်း ထပ်တိုး၍ Booster Doseအဖြစ် ထိုးရန်လိုပါသည်။ (Day 0 သည် ကာကွယ်ဆေး စတင်ထိုးသည့်နေ့ ဖြစ်သည်)။ ကြိုတင်ကာကွယ်ဆေးထိုးထားသော လူများအနေဖြင့် ခွေးရူး အကိုက်ခံရလျှင် Post exposure Vaccination ထပ်မံထိုးရန် လိုအပ်သော်လည်း Immunoglobulin (ခွေးရူးရောဂါအတွက် ကိုယ်ခံအား) ထိုးရန်မလိုပါ။ ထို့အပြင် Post exposure vaccination ထိုးရမည့်ကာကွယ်ဆေး အလုံးရေကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လျှော့ချနိုင်ပါသည်။
(ခ) အကိုက်ခံရပြီးနောက် ခွေးရူးကာကွယ်ဆေးထိုးခြင်း၊
အကိုက်ခံရပြီးနောက် ထိုးရမည့်ကာကွယ်ဆေးသည် အသားဆေးဖြစ်ပြီး တစ်ရက်လျှင် တစ်လုံးနှုန်းနှင့် ငါးလုံးထိုးရမည်ဖြစ်သည်။ ထိုးရမည့် အစီအစဉ်မှာ Day 0, Day 3, Day 7, Day 14 နှင့် Day 28 တို့တွင်ထိုးရမည်။ Day 0 သည်ကာကွယ်ဆေး စတင်ထိုးသည့်နေ့ဖြစ်သည်။ နောက်ထပ်ကာကွယ်ဆေး အစီအစဉ်တစ်မျိုးမှာ ကာကွယ်ဆေး (၄)လုံးထိုးခြင်းဖြစ်သည်။ ထိုအစီအစဉ်အရ Day 0 တွင် နှစ်လုံးကို တစ်ဖက်စီထိုးပြီး Day 7, Day 21 တွင် တစ်လုံးစီထပ်ထိုးသော အစီအစဉ်ဖြစ်သည်။ အကိုက်ခံရသော ဒဏ်ရာများပြားခြင်း၊ ထိုဒဏ်ရာတို့မှာတိရိစ္ဆာန်၏ သွားရည်တို့နှင့်ထိတွေ့ ပေကျံမှုရှိခြင်း၊ ဦးနှောက်အာရုံကြောနှင့် နီးကပ်သောနေရာများမှာ အကိုက်ခံရခြင်း၊ အကိုက်ခံရသူသည် ငယ်ရွယ်နုနယ်သော ကလေးများ၊ သက်ကြီးရွယ်အိုများဖြစ်ခြင်းစသော အခြေအနေထဲမှာ ပါဝင်တဲ့သူများသည် Post expo-sure vaccines များကိုထိုးရမည့်အပြင် Immunoglobulin (ခွေးရူးရောဂါအတွက် ကိုယ်ခံအား) ကိုပါထိုးရပါမည်။

Leave a Reply

Your email address will not be published. Required fields are marked *