မိမိကိုယ်ကိုချစ်ပါ အသည်းလေးကိုကာကွယ်ပါ……. Leave a comment

ကျွန်မတို့ရှင်သန်ကျင်လည်ရာလောကကြီးမှာ လူသားတွေရဲ့ပုံမှန်အသက်ရှင်ရပ်တည်မှုကို ခြိမ်းခြောက်နေတဲ့ အကြောင်းအရာပေါင်းများစွာရှိလို့နေပါတယ်
ခန္ဓာကိုယ်အိပ်စက်ချိန်မှာလည်း အတွင်းထဲမှာမနားဘဲ အချိန်ပြည့် အလုပ်များနေတဲ့ အရေးကြီးအင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ အသည်းကိုစစ်ဆေးကာကွယ်ကုသဖို့အရေးတကြီးလိုအပ်ပါတယ်
အသည်းဟာ ခန္ဓာကိုယ်ဝမ်းဗိုက်ရဲ့ညာဘက်အပေါ်နားမှာတည်ရှိပြီး ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင် နှင့်သတ္တုဓါတ်များကို သိုလှောင်ထားပေးခြင်း၊ အသားဓါတ်၊ အဆီဓါတ်နှင့် ကစီဓာတ် များကို ဖြိုခွဲပေးခြင်း၊ စားသုံးထားသည့်အာဟာရများကို စွမ်းအင်အဖြစ်ပြောင်းလဲပေးခြင်း၊ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်များကိုဖယ်ရှားပေးခြင်း စသည်တို့အတွက်မရှိမဖြစ်လိုအပ်သောကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
အခုခေတ်မှာ လူကြီး လူငယ်မရွေး အကြောင်းအမျိုးမျိုးကြောင့် အသည်းပျက်စီးနေကြရပါတယ်။
ထို့ကြောင့် အသည်း‌ရောဂါဟာ ကမ္ဘာတစ်ဝှမ်း အလေးထားဂရုပြုရမယ့် ရောဂါဖြစ်လာနေပါတယ်။
အသည်းရောင် အသားဝါရောဂါဟာ အများအားဖြင့် ဗိုင်းရပ်စ်ပိုး (Hepatitis A, B, C, D, E) တို့ကြောင့်ဖြစ်သော်လည်း တခြားသောအကြောင်းအရာများ (ဥပမာ – ကိုယ်ခံအားပုံမှန်မဟုတ်ခြင်း၊ တားမြစ်ထားသောဆေးဝါးများသုံးစွဲခြင်း၊ ဆေးများကိုကာလကြာရှည်စွာ သောက်သုံးရခြင်း နှင့် အရက်ဘီယာ သောက်သုံးခြင်း)ကြောင့် လည်းအသည်းရောင်ရောဂါကို ဖြစ်စေပါသည်။
ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့်အသည်းရောင်ခြင်းကိုတော့ အသည်းရောင်အသားဝါရောဂါ (Hepatitis) လို့ခေါ်ပါတယ်
ရောဂါ လက္ခဏာများကတော့ – မောပန်းနွမ်းနယ်ခြင်း၊ အဖျားတက်ခြင်း၊ ဆီးအရောင်ပြောင်းလဲခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ရုတ်တရက်ကိုယ်အလေးချိန်ကျခြင်း၊ အရေပြားနှင့် မျက်လုံးများဝါခြင်း တို့ပဲဖြစ်ပါတယ်။
ကျွန်မတို့နိုင်ငံမှာအဖြစ်များဆုံးသော အသည်းရောင်အသားဝါဗိုင်းရပ်စ်ပိုးကတော့ Hepatitis A, B, C & E တို့ပဲဖြစ်ပါတယ်
Hepatitis A နှင့် E ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များပြီး အထူးသဖြင့် ကလေးငယ်တွေမှာပိုဖြစ်တတ်ပါတယ်။
Hepatitis A နှင့် E ရောဂါကူးစက်ပုံတွေက အတူတူပဲဖြစ်ပြီး ရောဂါပိုးရှိသောရေနှင့်အစား‌အသောက်များကို ထိတွေ့စားသောက်မိခြင်းမှ ကူးစက်နိုင်ပြီး မကြာခဏလက်ဆေးခြင်း၊ အစားအသောက်ကို သေချာချက်ပြုတ်စားသောက်ခြင်းနှင့်ရေကိုကျိုချက်သောက်သုံးခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။
Hepatitis B နှင့် C ပိုးဟာ သွေးနှင့်သွေးထွက်ပစ္စည်းများမှတဆင့်ကူးစက်နိုင်တာဖြစ်လို့ ကျန်းမာရေးလိုအပ်ချက်ကြောင့် ဆေးထိုး၊ ဆေးသွင်း ရမယ်ဆိုလျှင်တစ်ခါသုံးဆေးထိုးအပ်၊ ဆေးထိုးပြွန်တို့ကိုအသုံးပြုကြဖို့နဲ့ လိုအပ်လို့သွေးသွင်းကုသမှုခံယူရမယ်ဆိုလျှင်လည်း ရောဂါပိုးကင်းစင်တဲ့ သွေးကိုသွင်းကြဖို့လိုအပ်ပါသည်။
ရောဂါပိုးရှိတဲ့မိခင်ကနေလည်းသန္ဓေသားကို ကူးစက်တတ်တာမို့အကောင်းဆုံးကတော့မိမိတို့ရင်သွေးငယ်ကို မွေးဖွားပြီးပြီးချင်း (၂၄)နာရီအတွင်း Hepatitis B ကာကွယ်ဆေးထိုးထားပေးသင့်ပါတယ်။
Hepatitis A နှင့် B ပိုးတို့ဟာ ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။
ကာကွယ်ဆေးကို သတ်မှတ်ထားတဲ့အကြိမ်အရေအတွက်အတိုင်းစနစ်တကျထိုးမယ်ဆိုရင် လုံးဝအပြည့်အဝကာကွယ်နိုင်ပါတယ်။
Hepatitis C ပိုးဟာ ကာကွယ်ဆေးမရှိဘူးဆိုပေမယ့် မိမိမှာရောဂါပိုးရှိတာသိသိချင်းရောဂါကုသမှုခံယူမယ်ဆိုလျှင်အချိန်တိုအတွင်းသောက်ဆေးတစ်မျိုးတည်းနဲ့ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။
မိမိမှာ Hepatitis B နဲ့ C ပိုးရှိတာမသိခဲ့ဘူး သေချာကုသမှုမလုပ်ဘူး ဆိုရင်တော့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း တို့နှင့်အသက်ဆုံးရှုံးနိုင်ပါတယ်။
Hepatitis D ပိုးဟာ B ပိုးရှိမှသာဖြစ်တတ်တာမို့ Hepatitis B ပိုးကိုကာကွယ်ထားခြင်းဟာ Dပိုးကိုကာကွယ်ထားခြင်းပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် Hepatitis B ပိုးကူးစက်မှုအများဆုံးနိုင်ငံများစာရင်းတွင်ပါဝင်ပါတယ်။
ကမ္ဘာမှာဆိုလျှင်လည်း ရောဂါပိုးရှိတဲ့လူပေါင်းများစွာထဲကမှ 10% ကပဲမိမိမှာရောဂါပိုးရှိမှန်း သိကြပါတယ်။
ဘာကြောင့်မသိကြတာလဲဆိုလျှင် ရောဂါပိုးကူးစက်ခံထားရဲ့လူတွေရဲ့ 90% မှာ ဘာရောဂါလက္ခဏာမှမပြတဲ့အတွက်ကြောင့် မသိကြခြင်းပဲဖြစ်ပါတယ်။
မိမိမှာရောဂါပိုးရှိမရှိကိုသိဖို့ဆိုတာကတော့ သွေးစစ်ခြင်းတစ်မျိုးတည်းနဲ့သာသိနိုင်ပါတယ်။
အသည်းရောင်အသားဝါရောဂါဟာမိမိရဲ့ အနေအထိုင်၊ အပြုအမူ၊ အစားအသောက်တွေနဲ့အများကြီးသက်ဆိုင်နေတာမို့ ဂရုတစိုက်နေထိုင်ဖို့အရေးကြီးပါတယ်။
စောစီးစွာသိရှိပြီး ကုသနိုင်ပါကအသည်းထိခိုက်ခြင်းမှ ကင်းဝေးစေနိုင်မည်ဖြစ်ပြီး လူတိုင်းလူတိုင်း ကျန်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။
အသည်းရောဂါကိုကုသနိုင်‌သောဆေးများနှင့် အသည်းအားဆေးများကို LifePlus Health & Beauty ဆိုင်ခွဲများတွင်ဝယ်ယူရရှိနိုင်ပြီး မိမိတို့သောက်သုံးနေသောဆေးဝါးများနှင့်ပတ်သက်၍လည်း ဆေးဝါးပညာရှင်များနှင့်မေးမြန်းဆွေးနွေးအကြံဉာဏ်ယူနိုင်ပါသည်။
မိမိကိုယ်ကိုချစ်ပါ။ အသည်းလေးကိုကာကွယ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *