ကလေးစောမွေးခြင်း ပြသာနာကိုကာကွယ်ရန်အလို့ငှာ မိခင်လောင်းတို့ သိကောင်းစရာ Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…
နှစ်စဉ် နို၀င်ဘာ 17 ရက်နေ့သည် ကလေးငယ်လေးများ အရွယ်မတိုင်မီစောမွေးဖွားခြင်းကို ကာကွယ်စောင့်ရှောက်ရန်အထိမ်းအမှတ်နှင့်ကျင်းပသော (“World Prematurity Day”) နေ့ဖြစ်ပါတယ်။  World Prematurity Day နေ့နဲ့ပတ်သက်ပြီး ကလေးငယ်လေးများစောမွေးဖွားခြင်း အကြောင်းသိရှိနိုင်စေရန် သိမှတ်စရာများမျှ‌ဝေပေးချင်ပါတယ် ။

What is World Prematurity Day?

World Prematurity Day  ဆိုသည်မှာမွေးဖွားရန် အရွယ်မတိုင်မီမွေးဖွားလာသော ကလေးငယ်များကိုကာကွယ်‌စောင့်ရှောက်ရန်နှင့် ကလေးငယ်လေးများစောမွေးဖွားမှုနှုန်း ကျဆင်းစေရန်ရည်ရွယ်၍ သတ်မှတ်ခဲ့ကြပါသည်။ နှစ်စဉ်နှစ်တိုင်း ကလေးငယ် 15 သန်းသည် မွေးဖွားရန် အရွယ်မတိုင်မီ စောမွေးဖွားကြပါသည်။ ရာခိုင်နှုန်းအားဖြင့် ကလေး 10 ယောက်တွင် 1 ယောက်နှုန်း စောမွေးလာကြပါသည်။ ကလေးငယ်လေးများစောမွေးခြင်းသည် ကလေးအသက်  5 နှစ်မတိုင်မီ သေဆုံးနိုင်ခြေ များသည်။ ကလေးငယ်လေးများ ငယ်ရွယ်စဉ်တွင် ကျန်းမာရေးဆိုင်ရာပြဿနာများနှင့်တွေ့ကြုံနိုင်ပါသည်။ ထို့ကြောင့်ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ဖေးမပေးရန် လိုအပ်ပါသည်။

ကလေးစောမွေးဖွားခြင်း?

ကလေးတစ်ယောက် မွေးဖွားခြင်းသည် မိခင်၏၀မ်းဗိုက်ထဲတွင် သ‌‌န္ဓေသားလေးအဆင့်မှ ရက်သတ္တပေါင်း 37 ပတ် မှ 40 ပတ် အထိနေ၍ မွေးဖွားလာကြပါသည်။ မိခင်၏၀မ်းဗိုက်ထဲတွင် 37 ပတ် မတိုင်မီစောမွေးလာခြင်းသည် ကလေးငယ်စောမွေးလာခြင်းဖြစ်သည်။ မိခင်သည် ဆီးချိုရောဂါရှိသူ ၊ သွေးတိုးရောဂါရှိသူ ၊ ကိုယ်၀န်ခဏခဏဆောင်ဖူးသူ ၊ ကူးစက်တတ်သောရောဂါပိုး ရှိသူတွေမှာ ကလေးငယ်စောမွေးခြင်းကို တွေ့ရတတ်ပါသည်။

ကလေးငယ်စောမွေးခြင်းကို…

  • အလွန်အမင်းစောမွေးခြင်း( ရက်သတ္တပတ် 28 ပတ် မတိုင်မီ မွေးဖွားခြင်း)၊
  • အလွန်စောမွေးဖွားခြင်း ( ရက်သတ္တပတ် 28-32 ပတ်အတွင်းမွေးဖွားခြင်း)၊
  • အလယ်အလတ် စောမွေးဖွားခြင်း ( ရက်သတ္တပတ် 32-37 ပတ်အတွင်းမွေးဖွားခြင်း) ဆိုပြီးအပိုင်းသုံးပိုင်း ခွဲခြားထားပါတယ်။

စောမွေးဖွားလာသော ကလေးငယ်များ မွေးဖွားစဉ်တွင် တွေ့ရတတ်သော ကျန်းမာရေးဆိုင်ရာလက္ခဏာများမှာ…

  • ခန္ဓာကိုယ်အလေးချိန် မပြည့်ခြင်း၊
  • ခန္ဓာကိုယ် အပူချိန်ကျဆင်းခြင်း၊
  • အသက်ရှုရ ခက်ခဲခြင်း၊
  • ကိုယ်လက်ခန္ဓာကိုယ်အစိတ်အပိုင်းများ မပြည့်စုံခြင်း၊
  • နို့စို့ရ ခက်ခဲခြင်း၊
  • အမြင်အာရုံ အကြားအာရုံ ချို့တဲ့ခြင်း တို့ဖြစ်ပါတယ် ။

ကာကွယ်စောင့်ရှောက်ခြင်း?

ကလေးငယ်လေးများ စောမွေးနိုင်ခြင်းကိုရှောင်ရှားနိုင်ရန် ကိုယ်၀န်ဆောင် မိခင်သည်…

  • ဆေးလိပ်သောက်ခြင်း၊
  • အရက် ဘီယာ ဝိုင် များ သောက်သုံးခြင်း၊
  • ဆရာ၀န်ညွှန်ကြားချက်မပါဘဲ  မိမိသ‌ဘောဖြင့် ‌ဆေး၀ါးများသောက်သုံးခြင်း၊
  • အလေးအပင် မ ခြင်း၊
  • ပြင်းထန်သော ခန္ဓာကိုယ်လှုပ်ရှားမှု လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းများ ကိုရှောင်ရှားရပါမည်။

သံဓာတ် နှင့် Folic acid ကြွယ်၀သော အသား၊ ငါး၊ အသီးအရွက်များကို မျှတစွာစားသောက်ခြင်း ၊ မိခင်နှင့်သန္ဓေသား အတွက်လိုအပ်သောအာဟာရ ဗီတာမင်ဆေး၀ါးများကို ဆရာ၀န်နှင့်တိုင်ပင်ပြီး သောက်သုံးပါ။ စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးလျော့ချပေးပါ။ ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် တတ်နိုင်သမျှစောစွာ ဆရာဝန်နှင့်တိုင်ပင်ပြသပါ။ ထိုမှသာကျန်းမာသန်စွမ်းပြီး ထက်မြက်သောကလေးငယ်လေးများ မွေးဖွားလာကြပါမည်။

သာမန်ကလေးများကဲ့သို့ပင် စောမွေးဖွားသော ကလေးငယ်များတွင်လည်း မိခင်နို့ရည်သည် အဓိကအလိုအပ်ဆုံးဖြစ်ပါတယ်။ မွေးဖွားပြီးချိန်တွင် မိခင်နို့ရည်ကို စောနိုင်သမျှတိုက်ကျွေးပေးပါ။ စောမွေးဖွားသော ကလေးငယ်များတွင် မိခင်နို့ရည်ကို တစ်နေ့လျှင် 8 ကြိမ်မှ 10ကြိမ် ထိတိုက်ကျွေးပေးပါ။ မိခင်၏နို့ရည်တွင် များစွာသော ဗီတာမင်နှင့် ပရိုတင်းဓာတ်များပါဝင်သည့်အတွက်ကြောင့် မဖြစ်မနေ မိခင်နို့ရည်တိုက်ကျွေးရန်လိုအပ်ပါသည်။ စောမွေးသောကလေးငယ်လေးများတွင် ခန္ဓာကိုယ်အဆီဓာတ်နည်းတတ်သည့်အတွက်ကြောင့် ကလေးငယ်၏ခန္ဓာကိုယ်အပူချိန်ကို အမြဲစောင့်ကြည့်ပေးရန်လိုအပ်ပါသည်။ ကလေးငယ်လေးများကို သန့်ရှင်းစွာထားပေးပါ။ ကလေးငယ်များ၏ ကြီးထွားမှုနှုန်းကို မိဘများအနေဖြင့် မှတ်သားပေးပါ။ သာမန်ကလေးများကဲ့သို့ပင် ကာကွယ်ဆေးများထိုးနှံရန်လိုအပ်သည့်အတွက် ကာကွယ်ဆေးမထိုးမှီ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ ။

မိဘဆွေမျိုး ပတ်ဝန်းကျင်အနေနဲ့ အရွယ်မတိုင်မီ စောမွေးလာသော က‌လေးငယ်လေးများကို ကာကွယ်စောင့်ရှောက်ပေးခြင်းဖြင့်  ကလေးငယ်များကို ကျန်းမာသန်စွမ်းပြီး ကမ္ဘာကြီးအကျိုးကိုသယ်ပိုးနိုင်သော လူကြီးလူကောင်း တယောက်ဖြစ်လာအောင် ပြုစုဆောင်ရွက်ဖေးမပေးကြပါ။ ပျော်ရွှင်ကျန်းမာသော အနာဂတ်မျိုးဆက်သစ်လေးများကို  ဖန်တီးလိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *