World Kidney Day Leave a comment

မင်္ဂလာပါရှင်… နှစ်စဉ် March လ 10 ရက်နေ့သည် (“World Kidney Day”) ကျောက်ကပ်ရောဂါကာကွယ်ရန် ကျင်းပသောအထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။  အဲ့ဒီနေ့ရက်လေးမှာ ကျောက်ကပ်ရဲ့အရေးပါပုံ၊ ဘယ်လိုအရာလေးတွေက ကျောက်ကပ်ကို ထိခိုက်စေသလဲ၊ သူနဲ့ဆက်စပ်တဲ့ ရောဂါဖြစ်ပွားပုံတွေကို ကမ္ဘာကနေ သိစေရန်အတွက် နှစ်စဉ်လက်ဆင့်ကမ်းဆင်နွှဲခဲ့ကြတာပဲ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ … ကျောက်ကပ်က ဘာအလုပ်လုပ်ပေးတာလဲ?
ကျောက်ကပ်က ကိုယ်ခန္ဓာမှာရှိတဲ့ အဆိပ်အတောက်လေးတွေ၊ ပိုလျှံနေတဲ့အရည်တွေ၊ အညစ်အကြေးတွေကို စစ်ထုတ်စွန့်ပစ်ပေးပါတယ်။ ဒီအတွက်ကြောင့် သွေးပေါင်ချိန်ကိုထိန်းညှိတဲ့ အရေးကြီးအခန်းကဏ္ဍမှာပါဝင်နေသလို အရိုးတွေသန်မာစေဖို့ Vitamin D ကို တွန်းအားပေးပေးတဲ့အပြင် ကြွက်သားတွေသန်မာအောင် ထိန်းသိမ်းပေးတဲ့အတွက် ခန္ဓာကိုယ်ကျန်းမာစေဖို့ ကျောက်ကပ်လေးကျန်းမာဖို့လိုအပ်ပါတယ်။
ကျောက်ကပ်ကို ဘာလို့ဂရုစိုက်ဖို့လိုသလဲ?
ပုံမှန်အခြေအနေမှာတော့ ကျောက်ကပ်ကသူ့လုပ်ငန်းတာဝန်တွေကို အလွယ်တကူလုပ်နိုင်ပေမယ့် တစ်ခါတစ်ရံ သူတို့ကပျက်စီးသွားနိုင်သလို အလုပ်မလုပ်နိုင်တော့တာမျိုးဖြစ်နိုင်ပါတယ်။ ဒီရောဂါကိုတော့ Chronic Kidney Disease (CKD) (နာတာရှည်ကျောက်ကပ်ရောဂါ) လို့ခေါ်ပါတယ်။ ကျောက်ကပ်တစ်ဖက်စီမှာ သေးငယ်ပြီးအရေအတွက်သန်းချီရှိတဲ့ Nephrons ခေါ် စီစစ်ပေးတဲ့အရာလေးတွေရှိပါတယ်။ Nephrons လေးတွေပျက်စီးသွားရင် သူတို့ကအလုပ်ကို ရပ်နားပါတယ်။ အဲ့အချိန်မှာ တခြား Nephrons အကောင်းလေးတွေကအလုပ်တွေပိုလုပ်ရပါတယ်။ သူတို့လေးတွေအလုပ်ပိုလုပ်လာရတဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးတွေကို သေချာမစစ်ပေးနိုင်တာမျိုး ရှိလာတဲ့အတွက် Kidney Failure (ကျောက်ကပ်အလုပ်မလုပ်နိုင်တော့ခြင်း) ကိုဖြစ်လာနိုင်ပါတယ်။ ရောဂါဖြစ်ပွားမှုအရ လူအယောက် ၈၅၀ သန်းက ကျောက်ကပ်ရောဂါတွေကိုခံစားနေရပြီး CKD ကြောင့် ရောဂါသေဆုံးသူများလာခဲ့ပါတယ်။ ဒါ့အပြင်ကျောက်ကပ်ရောဂါရဲ့ နောက်ဆုံးအဆင့်ကိုရောက်ရှိပြီး ကျောက်ကပ်လဲဖို့လိုအပ်တဲ့ လူအရေအတွက် ၄.၉၀၂ မှ ၇.၀၈၃ သန်းထိရှိခဲ့ပါတယ်။
ကျောက်ကပ်က အလုပ်လုပ်နေသလား?
ကျောက်ကပ်အလုပ်လုပ်ခြင်းကို စစ်ဆေးတဲ့အခါ သွေးထဲမှာရှိတဲ့ခန္ဓာကိုယ်မှ စွန့်ထုတ်လိုက်တဲ့ Creatinine level ပမာဏကို တိုင်းတာရပါတယ်။ အကယ်၍သာ ကျောက်ကပ် လုပ်ငန်းမစွမ်းဆောင်နိုင်လျှင် Creatinine တွေ စုပုံလာတဲ့အတွက် သွေးစစ်တဲ့အခါ Creatinine level များနေပါလိမ့်မယ်။ ကျောက်ကပ်ရဲ့စစ်ယူနိုင်စွမ်းကို စစ်ဆေးတဲ့အခါ Glomerular Filtration Rate (GFR) လို့ ခေါ်တဲ့ စစ်ယူနှုန်းနဲ့ တိုင်းတာနိုင်ပါတယ်။ GFR က ကျောက်ကပ် လုပ်ငန်းဆောင်တာ ပုံမှန်ဖြစ်ရဲ့လား (သို့) ဘယ်လောက်ပျက်စီးနေသလဲဆိုတာကို ပြောပြပေးနိုင်ပါတယ်။
ကျောက်ကပ် ရောဂါဖြစ်နိုင်သလား?
ကျောက်ကပ်ရောဂါက လူတိုင်းဖြစ်ပွားနိုင်ပေမယ့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွေးကြောရောဂါ၊ မိဘများမှာ ကျောက်ကပ်ရောဂါရှိခြင်း၊ အာရှနိုင်ငံသား၊ လူမည်းလူမျိုးနဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေမှာ ကျောက်ကပ်အလုပ်မလုပ်ခြင်းများ အဖြစ်များတတ်ပါတယ်။ တစ်ခြားသောသောက်ဆေး (အထူးသဖြင့် အနာသက်သာစေတဲ့ဆေး) များကိုရေရှည်မှီဝဲရာမှ CKD ကိုဖြစ်စေနိုင်သလို တစ်ခါတစ်ရံ ကျောက်ကပ်ရောဂါကို ဘယ်အရာကဖြစ်စေမှန်း ဆရာဝန်ကိုယ်တိုင်ဝေခွဲမရတဲ့ အချိန်အခါများလည်း ရှိပါတယ်။
ကျောက်ကပ်ရောဂါရှိနေပြီလား?
ကျောက်ကပ်ရောဂါက လက္ခဏာများ မပြသေးမှီ ကိုးဆယ်ရာခိုင်နှုန်း လုပ်ကိုင်နိုင်စွမ်းရည် လျော့ကျသွားပါတယ်။ လူအများစုက လက္ခဏာများ မတွေ့ရတတ်ပဲ CKD အဆင့်ထိတော်တော်ဆိုးဝါးမှသာ တွေ့ရတတ်ပါတယ်။ ခြေကျင်းဝတ်ဖောရောင်ခြင်း၊ မောပန်းခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးအမြှုပ်ထခြင်းတို့ ဖြစ်တတ်ပါတယ်။ ကျောက်ကပ်ရောဂါဖြစ်ခြင်းက ခန္ဓာကိုယ်ကို ထိခိုက်စေရုံသာမက တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ၊ စိတ်ကျန်းမာပျော်ရွှင်မှုတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေမှာပါ သက်ရောက်လာမှာဖြစ်ပါတယ်။ ဆေးရုံကိုတစ်ပတ်သုံးကြိမ် တစ်နေ့လေးနာရီ ကျောက်ကပ်သွားဆေးရတာကို မည်သူမှ ကုသမှုခံယူချင်မှာ မဟုတ်ပါဘူး။ ထို့အပြင် Covid ရောဂါဖြစ်ပွားနေချိန် ဆေးရုံကိုကျောက်ကပ်ဆေးဖို့ မဖြစ်မနေသွားရတဲ့အခါ အလွန်သတိထားဖို့လိုပါလိမ့်မယ်။
ကျောက်ကပ်ရောဂါကို ဘယ်လိုကာကွယ်မလဲ?
မိမိခန္ဓာကိုယ်ကို ဂရုစိုက်ခြင်းက ကျောက်ကပ်ကို ကျန်းမာစေနိုင်ပါတယ်။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ အငန်ဓာတ်နည်းသော အစာစားသုံးပေးခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ သွေးပေါင်ချိန်/သွေးတွင်းအဆီ/ဆီးချို ပုံမှန်တိုင်းခြင်း၊ ဆေးလိပ်/အရက်သေစာရှောင်ခြင်း၊ အရောင်ကျဆေး Non-Steroidal Anti-Inflammatory Drug (NSAID) မမှီဝဲခြင်းနှင့် နှစ်စဉ်ဆေးစစ်ချက်ခံယူခြင်း တို့ပြုလုပ်ပေးနိုင်ပါတယ်။
အချုပ်အားဖြင့်ဆိုရလျှင်… ကျောက်ကပ်ရောဂါက ကုသလို့ရနိုင်ပါတယ်။ အစောဆုံးသိပြီး ဆေးကုသမှုခံယူနိုင်လျှင် ကောင်းတဲ့ရလဒ်များခံစားနိုင်ပါတယ်။ ကျောက်ကပ်ရောဂါကို သွေးကနေစစ်လို့ရသလို ဆီးကနေလည်း စစ်နိုင်ပါတယ်။ ကျောက်ကပ်ကို မပင်ပန်းစေချင်လျှင် ကျန်းမာသောအစားအသောက် လူနေမှုပုံစံကိုနေထိုင်စားသောက်ခြင်းဖြင့် ဂရုစိုက်ပေးနိုင်ပါတယ်။ အခုဆိုရင်တော့ ကျန်းမာရေးအတွက် သိရှိထားသင့်သော ကျောက်ကပ်လေးအကြောင်းကို နားလည်သွားပြီလို့ ယူဆရပါတယ်။
**ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ**

Leave a Reply

Your email address will not be published. Required fields are marked *