ဒေါင်းဆင်ဒရုန်းအကြောင်း သိမှတ်စရာများ… Leave a comment

ကမ္ဘာပေါ်မှာ ကျန်းမာရေးဆိုင်ရာ အထိမ်းအမှတ်နေ့လေးတွေအများကြီးရှိတဲ့အနက်မှာမှ မတ်လ ၂၁ရက်နေ့ကတော့ World Down’s Syndrome(ဒေါင်းဆင်ဒရုန်း) နေ့လေးပဲဖြစ်ပါတယ်။ ‌ဒေါင်းဆင်ဒရုန်း ကို အင်္ဂလန်နိုင်ငံမှ Dr. John Langdon Down က ၁၈၆၆ ခုနှစ်မှာစတင်တွေ့ရှိခဲ့ပြီး သူ့ကိုဂုဏ်ပြုသောအားဖြင့် Down’s Syndrome ဟုနာမည်ပေးထားခြင်းဖြစ်ပါတယ်…
ဘာကြောင့်ဖြစ်ရလဲ ?
မျိုးဗီဇလို့ခေါ်တဲ့ Genes တွေ ပုံမှန်မဟုတ်တာကြောင့် အဓိကဖြစ်တယ်။ ပုံမှန်အားဖြင့် လူ့ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေမှာ Chromosomes လို့ခေါ်တဲ့ ဗီဇအစုအ‌ဝေး 23 စုံရှိပါတယ်။ တစ်စုံမှာ ၂ခု နဲ့ စုစုပေါင်း 46 ခုရှိပါတယ်။ ဒေါင်းဆင်ဒရုန်း မှာတော့ Chromosome နံပါတ် 21 စုံမြောက်မှာ အပိုတစ်ခုပါလာတဲ့အတွက်ကြောင့် သူ့ကို Trisomy-21 လို့လဲခေါ်ကြပါတယ်။
ဘယ်သူတွေမှာဖြစ်လေ့ရှိလဲ ?
အသက် ၃၅ နှင့်အထက် မိခင်တွေမှာဒေါင်းဆင်ဒရုန်းကလေးလေးတွေ မွေးဖို့ရာခိုင်နှုန်းပိုများပါတယ်။ ( ဖခင် အသက် ၄၀ ကျော်လျှင်လည်း ရာခိုင်နှုန်း ၂ဆလောက် ပိုများသွားပါတယ် )။ မိသားစုမျိုးရိုးထဲမှာ ရှိခဲ့ဖူးရင်လဲ မျိုးရိုးလိုက်ပြီးဖြစ်တတ်ပါတယ်။
ဘယ်လိုလက္ခဏာတွေရှိလဲ ?
ဒေါင်းဆင်ဒရုန်းကလေးတွေမှာ သိသာထင်ရှားတဲ့ သွင်ပြင်လက္ခဏာများရှိကြပါတယ်။
– မျက်နှာ နှာတံပြားခြင်း၊
– မျက်လုံးများ ဘေးနှစ်ဖက်သို့ စောင်းတက်နေခြင်း၊
– ဦးခေါင်း နားရွက်သေးခြင်း၊
– လျှာမကြာခဏ ထွက်နေတတ်ခြင်း၊
– လည်ပင်းတိုခြင်း၊
– ကြွက်သားများပုံမှန်ထက်ပျော့ပြောင်းနေခြင်း၊
– စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှင့် သင်ယူမှုပိုင်းဆိုင်ရာတို့မှာ ပုံမှန်ကလေးများထက်နောက်ကျတတ်ခြင်း စတဲ့လက္ခဏာများ တွေ့ရတတ်ပါတယ်။
ကုသဖို့ဆေးရှိလား ?
Down’s Syndrome သည်မျိုးရိုးဗီဇ ကြောင့်ဖြစ်ပေါ်လာတဲ့အတွက် ဆေးဝါးများဖြင့် ကုသလို့မရနိုင်ပါ။ မွေးရာပါနောက်ဆက်တွဲပါလာနိုင်တဲ့ ကျန်းမာရေးပြဿနာများကိုတော့ စစ်ဆေးပြီး စောင့်ကြည့်ကုသပေးဖို့တော့လိုအပ်ပါတယ်။ နှလုံးအဆို့ရှင် မကောင်းလို့ဖြစ်တဲ့ မွေးရာပါနှလုံးရောဂါနှင့် အူပိတ်ခြင်း၊ စအိုပေါက်မပါခြင်း စတဲ့ကျန်းမာရေးပြဿနာတွေမှာတော့ လိုအပ်တဲ့ ခွဲစိပ်ကုသမှုလေးတွေ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်း ပိုးဝင်လွယ်ခြင်း ၊ သွေးကင်ဆာ စတဲ့ရောဂါတွေဆိုရင်တော့ ဆေးဝါးနဲ့လိုအပ်တဲ့ ကုသမှုတွေပေးရမှာဖြစ်ပါတယ်။ နား ၊ နှာခေါင်း ၊ လည်ချောင်း ၊ အမြင်အာရုံ ၊ နှလုံး နဲ့ သိုင်းရွိုက်ဟော်မုန်း ( Thyroid hormone ) စတာတွေကိုလည်း ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးသင့်ပါတယ်။
ဘယ်လိုပြုစုပျိုးထောင်ပေးသင့်လဲ ?
သူတို့လေးတွေက သင်ယူနိုင်စွမ်း မှတ်နိုင်စွမ်းတွေ နှေးတဲ့အတွက်ကြောင့် စိတ်ရှည်ရှည်နဲ့ ပြုစုပျိုးထောင်ပေးဖို့လိုအပ်ပါတယ်။ တစ်ကိုယ်ရည်အလုပ်လေးတွေ (ဥပမာ ထမင်းစားပြီး ကိုယ့်ပန်းကန်ကိုယ်ဆေးတာ ၊ အင်္ကျီဝတ်တာ) စတာတွေကို မိမိဘာသာလုပ်နိုင်အောင် တဖြေးဖြေးချင်း လေ့ကျင့်သင်ကြားပေးလို့ရပါတယ်။ ယခုဆို Down Syndrome Myanmar Association Group လည်း ပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် သူတို့နဲ့ပတ်သက်တဲ့ Activity လေးတွေ မှာပါ၀င်ခိုင်းခြင်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။
အပေါ်ကပြောပြပေးခဲ့တဲ့ အကြောင်းအရာလေးတွေကတော့ Down’s Syndrome နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာလေးတွေပဲဖြစ်ပါတယ်။ ကျန်းမာရေးဗဟုသုတ တစ်စုံတစ်ရာရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ Down’s Syndrome ကလေးလေးတွေက ရုပ်ပိုင်းဆိုင်ရာနှင့် သင်ယူမှုပိုင်းဆိုင်ရာ နောက်ကျတာကလွဲရင် သာမန်ကလေးများနည်းတူ စိတ်ခံစားချက် ၊ လူနေမှုဘ၀တွေပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် သူတို့ချို့ယွင်းချက်လေးတွေကို နားလည်လက်ခံပေးပြီး ဝိုင်းဝန်းဖေးမ ကူညီပေးကြဖို့လဲ တိုက်တွန်းလိုက်ရပါတယ်။
မိသားစုတိုင်းကျန်းမာပျော်ရွှင်ကြပါစေ…
**ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာ ဈေးဝယ်ပါ**

Leave a Reply

Your email address will not be published. Required fields are marked *