အားလုံးပဲ မင်္ဂလာပါရှင့်…
လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ Vitamin A အကြောင်းပြောပြပေးချင်ပါတယ်။ Vitamin A ဆိုတာက အဆီမှာ ပျော်ဝင်လွယ်တဲ့ Vitamin တစ်မျိုးပါ။ Vitamin A အမျိုးအစား (2) မျိုးရှိပါတယ်။ Preformed vitamin A(Retinoids)ကို တိရစ္ဆာန်ထွက်ပစ္စည်းတွေမှာတွေ့ရတတ်ပြီး Pro-vitamin A (Carotenoids) ကိုတော့ အပင်ထွက်ပစ္စည်းတွေမှာ တွေ့ရမှာဖြစ်ပါတယ်။ Vitamin A ဟာပုံမှန်ဆဲလ်တွေ ကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်ပြီးအမြင်အာရုံအတွက် အဓိကအခန်းကဏ္ဏတစ်ရပ်အနေနဲ့ ပါ၀င်နေပေမယ့်လည်း ကိုယ်ခံအားကောင်းမွန်စေခြင်း၊ မျက်စိနဲ့ အရေပြားကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်ကြီးထွားရာတွင် ကူညီထောက်ပံ့ပေးနိုင်ခြင်းစတဲ့ ကျန်းမာရေးကဏ္ဏတွေမှာလည်းများစွာ အထောက်အကူပြုပေးနိုင်ပါတယ်။
Vitamin A ကောင်းကျိုးတွေကိုပြောပြပေးချင်ပါတယ်။ ဗီတာမင် အေ ဟာလူသားတိုင်းအတွက် အသုံး၀င်တဲ့နေရာကနေ ပါ၀င်ပါတယ်။
– မျက်စိအမြင်အာရုံကို ကောင်းစေဖို့အတွက် အလွန်အရေးပါပါတယ်။
– ဓါတ်တိုးဆန့်ကျင် ပစ္စည်းအဖြစ်နဲ့ ခန္ဓာကိုယ်က ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးပါတယ်။
– အသားအရေ၊ အရိုး၊ သွား နဲ့ ခန္ဓာကိုယ်က အခြားတစ်ရှူးတွေကို ကျန်းမာဖွံ့ဖြိုးစေပါတယ်။
– ကင်ဆာရောဂါ ဖြစ်နိုင်ချေကို လျော့ချပေးပါတယ်။
– မျိုးပွားစနစ်ကို ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။
– အပြင် ရောဂါကူးစက်မှုတွေကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေဖို့ အထောက်အပံ့ပေးပါတယ်။
Vitamin A ကိုခန္ဓာကိုယ်က မထုတ်နိုင်တဲ့အတွက် ဗီတာမင် အေ ပါတဲ့အစားအသောက်တွေကို လုံလောက်စွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။ Vitamin A ပါ၀င်တဲ့အစားအသောက်တွေကတော့ အသည်း၊ အဆီများတဲ့ ငါး၊ နို့၊ ဒိန်ခဲ၊ ဒိန်ချဥ် နဲ့ ဟင်းနုနွယ်၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ ပန်းငရုတ်ပွ၊ ရွှေဖရုံသီး၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်၊ အသီးအနှံ စသည်တို့ကို နေ့စဥ်မျှတစွာ စားသုံးပေးဖို့လိုအပ်ပါတယ်။ ဗီတာမင် အေ ကိုလုံလောက်စွာရရှိမယ်ဆိုရင်တော့ ကျန်းမာလှပတင်းရင်းတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
Vitamin A ဟာအလှအပရေးရာအတွက် များစွာအထောက်အကူပြုပေးနိုင်တဲ့ ဗီတာမင်ဓာတ်တစ်မျိုးဖြစ်ပါတယ်။ Vitamin-A ပါဝင်သော အစားအစာများကိုစားသုံးခြင်းဖြင့် ဝက်ခြံကြောင့်ဖြစ်ပေါ်သော ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။ နေလောင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အစက်အပြောက်တွေကို လျော့နည်းစေပြီး အသားအရေကို ပြန်လည်ကြည်လင်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် အေ ဟာ မျက်နှာပေါ်ကအရေးအကြောင်းတွေကိုလည်း သက်သာစေတာကြောင့် အိုမင်းရင့်ရော်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်နော်။ Retinol လို့ခေါ်တဲ့ ဗီတာမင် A ဟာ ဆဲလ်တွေ ပုံမှန်အတိုင်း ထုတ်လုပ်နေနိုင်အောင် ကူညီပေးနိုင်လို့ အရွယ်တင်နုပျိုစေတဲ့ လျှို့ဝှက်လက်နက်တစ်ခုဖြစ်ပါတယ်။
Reference- ://medlineplus.gov/