အခြေခံရှေးဦးသူနာပြု ကျန်းမာရေးစောင့်ရှောက်မှုများ သိကောင်းစရာ… Leave a comment

အိမ်တိုင်းဆောင်ထားသင့်တဲ့ အခြေခံရှေးဦးသူနာပြု ကိရိယာများနှင့် နည်းလမ်းများအကြောင်းပြောပြပေးချင်ပါတယ်။ အခုလိုအချိန်မျိုးမှာ အသေးစားမတော်တဆမှုများနှင့် ဒဏ်ရာများကိုကိုင်တွယ်ဖြေရှင်းနိုင်ရန် အခြေခံကျန်းမာရေး စောင့်ရှောက်မှု ကိရိယာထားရှိဖို့ လိုအပ်ပါသည်။ First aid kit ကို ကလေးများနှင့်လက်လှမ်းမမှီသော၊ အေး၍ခြောက်သွေ့သော နေရာတွင်ထားရှိသင့်ပါတယ်။ တချို့ကတော့ အရေးပေါ်အခြေအနေအတွက် ကားထဲမှာ ထည့်ထားတတ်ကြပါတယ်။ အခြေခံရှေးဦးသူနာပြု ကျန်းမာရေးစောင့်ရှောက်မှုကိရိယာတွင် ထားရှိရမည့်ပစ္စည်းများမှာ –
  • အရွယ်အစားစုံ ပုံစံအစုံရှိသော ပလပ်စတာ၊
  • သန့်ရှင်းသော Gauze dressing အရွယ်စုံ၊
  • သန့်ရှင်းသော Eye dressing အနည်းဆုံး (၂) ခု၊
  • ပတ်တီးမျိုးစုံ၊
  • သန့်ရှင်းသော တစ်ခါသုံးလက်အိတ်များ၊
  • ပလတ်စတစ် ကတ်ကြေး၊
  • သန့်ရှင်းရန် တစ်ရှူး (Alcohol free)၊
  • အပူချိန်တိုင်း ကိရိယာ၊
  • ပိုးသတ်ဆေးမှုန့်၊
  • အရေပြားလိမ်းရန် Cream (eg. Hydrocortisone)၊
  • အင်းဆက်ကိုက်ခြင်း၊ နာကျင်ခြင်းများ သက်သာစေသော စပရေးများ၊
  • နာကျင်မှုသက်သာစေသော သောက်ဆေးများ (eg. Paracetamol and ibuprofen)၊
  • ချောင်းဆိုးလျှင်သောက်သုံးရန် ဆေးဝါးများ၊
  • ယားယံခြင်းကို သက်သာစေသော ဆေးဝါးများ (eg. Antihistamine)၊
  • ဒဏ်ရာကိုသန့်ရှင်းရန် ပေါင်းခံရေ၊
  • မျက်ရည်တု (Artificial tears) တို့ဖြစ်ပါသည်။
ဒီပစ္စည်းတွေနဲ့ လမ်းညွှန်စာအုပ်ကို ဆောင်ထားပါ။ သက်တမ်းဘယ်တော့ကုန်မလဲ ဆိုတာစစ်ပြီး သက်တမ်းကုန်ရင်တော့ ဆက်မသုံးနဲ့တော့နော်။ ဆောင်ရန် ရှောင်ရန်အနေနဲ့ကတော့ ဒဏ်ရာပေါ်မူတည်ပါတယ်။ အဓိကအချက်များအနေနဲ့ –
– လူနာကိုကျွမ်းကျင်သူမှ စစ်ဆေးပေးသင့်ပြီး စစ်ဆေးသောလက်သည် သန့်ရှင်းရမည်။
– အကယ်၍ ဒဏ်ရာပြင်းထန်လျှင် အရေးပေါ်ဌာန ကိုဖုန်းခေါ်သင့်ပါသည်။
– မလိုအပ်ပါက လူနာကိုမရွှေ့ပါနှင့်။
– ဒဏ်ရာရသူ၏အခြေအနေကို အမြင်အာရုံနှင့် အကဲဖြတ်ပါ။
– တစ်ကိုယ်ရေသန့်ရှင်းမှုကို ပြုလုပ်ပေးပါ။
– ပြင်ပအန္တရာယ်များကို ဖယ်ရှားပေးပါ။
– ဒဏ်ရာရသူကို ၎င်းဒဏ်ရာ၏ နာကျင်မှုလျော့ကျစေရန် စကားပြောပြီးအာရုံပြောင်းပေးတာမျိုး လုပ်ပေးနိုင်ပါသည်။
– Open wounds ဒဏ်ရာသည် ပွင့်နေသောအခြေအနေဆိုလျှင် ပိုးမဝင်စေရန် ပိုးသတ်ထားသော တစ်ရှူးနှင့်သုတ်ပေးရမည်။
– သွေးနှင့်တိုက်ရိုက် ထိတွေ့ခြင်းမှရှောင်ကျဉ်ပါ။ အနာကိုသန့်ရှင်းသော ပတ်တီးများဖြင့်ပတ်ပါ။
– အနာထဲကို အရာဝတ္ထုများ မြုပ်ဝင်ခြင်း မဖြစ်စေရန် အနာပေါ်တွင် တင်းကျပ်စွာစည်းနှောင်ခြင်း၊ ဖိထားခြင်း မပြုလုပ်ရ။
– ကိုယ်ခန္ဓာအစိတ်အပိုင်းကို မြှင့်ထားပါ။ လက်အိတ်ဝတ်ထားပြီး ဘာမှမလုပ်မီ လက်ဆေးရန် မမေ့ပါနှင့်။
– ဒဏ်ရာသွေးမတိတ်လျှင် အရေးပေါ်ဌာနကို ဖုန်းခေါ်ပါ။
– အရိုးကျိုးဒဏ်ရာများဆိုလျှင်ဖြင့် ဖြစ်သည့်နေရာကို ကုသနိုင်ရန်လူနာကို သက်သောင့်သက်သာထားပေးပါ။
– ကျိုးနေတဲ့အစိတ်အပိုင်းကို မရွေ့ပါနှင့်။
– သက်တောင့်သက်သာရှိစေရန် ခန္ဓာကိုယ်အောက်တွင် နူးညံ့သောအရာများနှင့် ခံထားနိုင်သည်။
– သွေးထွက်ခြင်းကို ရပ်တန့်စေရန် ပတ်တီးဖြင့် အုပ်ထားပေးပါ။
– ကျိုးနေသောအစိတ်အပိုင်းကို ဖြောင့်တန်းရန် မကြိုးစားပါနှင့်။
– ပုံပျက်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများ ရှိမရှိ စစ်ဆေးပါ။
– အရိုးများအပြင်တွင် ငေါထွက်နေခြင်း၊ အစိတ်အပိုင်းများ မလှုပ်ရှားနိုင်ခြင်း၊ ယောင်ရမ်းခြင်း၊ ကျောရိုး သို့ လည်ပင်းရိုးကျိုးနေလျှင် အရေးပေါ်ဌာနကို ဖုန်းခေါ်ပါ။
– သတိလစ်သော ပုဂ္ဂိုလ်များအနေနှင့် အသက်၏ အရေးကြီးသော လက္ခဏာများ၊ လေပြွန်၊ အသက်ရှူ လမ်းကြောင်း၊ သွေးလည်ပတ်မှု အခြေအနေကို အရင်စစ်ဆေးရမည်၊ အသက်ရှူခြင်း၊ သွေးလည်ပတ်ခြင်း မရှိသော လူနာဆိုလျှင် CPR လုပ်ဆောင်ပါ။ အသက်ရှူနေသည့် လူနာအပေါ်တွင် CPR မလုပ်ဆောင်ရပါ။ နှလုံးခုန်နှုန်း မရှိပါက Defibrillator (နှလုံးခုန်မှန်စေသည့်ကိရိယာ) ကိုသုံးရမည်။
– ဦးခေါင်းဒဏ်ရာအတွက် လူနာ၏အပြုအမူကို စောင့်ကြည့်ရန် လိုအပ်ပါသည်။ ပြင်းထန်စွာ ထိခိုက်ထားသော လူနာအား အချိန်ပြည့်စောင့်ကြည့်ရန် လိုအပ်ပါသည်။ လူနာသည် အော့အန်ခြင်း၊ တုန့်ပြန်မှုများနေသည့် အခြေအနေရှိပါက အရေးပေါ်ဌာနကိုဖုန်းခေါ်ပါ။ ဦးခေါင်းကို ထိခိုက်မိသောလူနာများ သတိလစ်နေတက်သည့်အတွက် လူနာတင်ယာဉ် ချက်ချင်းခေါ်သင့်ပါသည်။
ယခုဖော်ပြခဲ့သော လုပ်ထုံးလုပ်နည်းများသည် ရှေးဦးသူနာပြုများအနေနှင့် အခြေအနေအမျိုးမျိုးနှင့် ရင်ဆိုင်ရနိုင်သောကြောင့် အရေးကြီးသော သတိပေးချက်များ ဖြစ်ပါတယ်။ အရေးကြီးသော အချက်တစ်ချက်ကတော့ သင်ဟာ အကူအညီပေးသူတစ်ဦးဖြစ်လိုလျှင် ပထမဆုံး Training တော့ တက်ထားရပါမယ်နော်။ အားလုံးအတွက် အကျိုးရှိမှာဖြစ်ပါတယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာတဲ့ နေ့ရက်တွေ အမြန်ဆုံးရောက်ရှိလာနိုင်ပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *