အရိုးပွရောဂါအကြောင်း သိကောင်းစရာ… Leave a comment

နှစ်စဉ် October 20 ရက်နေ့ဟာ အရိုးပွရောဂါကာကွယ်ရေး (“World Osteoporosis Day”) နေ့ဖြစ်ပါတယ်။  World Osteoporosis Day ကိုဂုဏ်ပြုတဲ့အနေနဲ့ လူတိုင်းသိထားသင့်သော အရိုးပွရောဂါနဲ့ပတ်သက်ပြီး သိကောင်းစရာလေးတွေကို မျှဝေပေးချင်ပါတယ်။

အရိုးပွရောဂါဆိုတာ ဘာလဲ?

အရိုးတွေ အားနည်းလာပြီး ကျိုးလွယ်ကြေလွယ်ဖြစ်လာခြင်းကို အရိုးပွရောဂါ ဟုခေါ်ပါတယ်။ အရိုးပွရောဂါကို တစ်စုံတစ်ခုကြောင့် အရိုးကျိုးသွားတဲ့အခါမှသာ ရောဂါရှာဖွေတွေ့ရှိတတ်သော်လည်း သက်ကြီးပိုင်းတွေမှာ ကျောရိုးက အရိုးလေးတွေ ကျိုးသွားတာကြောင့် ကိုယ်အလေးချိန်ကို မထိန်းနိုင်ဘဲ ခါးကုန်းလာခြင်းမျိုးမှာလဲ တွေ့ရှိရတတ်ပါတယ်။ အရိုးပွရောဂါဆိုတာက အရိုးတွေရဲ့ သိပ်သည်းဆ နည်းပါးလာတာကြောင့်ဖြစ်ပါတယ်။ အားသုံးတာတွေ လှုပ်ရှားလိုက်တာတွေမှာ အရိုးတွေကကြွပ်ဆတ်နေတတ်ပြီး အရိုးကျိုးလွယ်တာဖြစ်ပါတယ်။ အဖြစ်များတဲ့နေရာတွေကတော့ ပေါင်ရိုး ၊ လက်ကောက်ဝတ်ရိုး နဲ့ ကျောရိုးမကြီးတို့မှာ ဖြစ်တတ်ပါတယ်။ အရိုးပွ ရောဂါကို အရိုးအားဆေးတွေသောက်သုံးခြင်းဖြင့် ကုသနိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။ အမျိုးသမီးများမှာ သွေးဆုံးပြီးနောက်ပိုင်း အရိုးလေးတွေ အားနည်းလာတတ်သောကြောင့် အမျိုးသားတွေထက် အရိုးပွရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။

တခြား ဘယ်လိုအချက်တွေကြောင့် ဖြစ်နိုင်သေးလဲ?

  • Steroid လို့ခေါ်တဲ့ အရောင်ကျဆေးတွေကို ရေရှည်သုံးစွဲနေရတဲ့ လူနာများ။
  • Family history ရှိသူများ။
  • ကိုယ်အလေးချိန် မပြည့်ဝသူများ။
  • ဆေးလိပ်အလွန်အကျွံသောက်သည့်သူများ။
  • ပုံမှန်ကိုယ်လက်လှုပ်ရှားမှု မရှိသူများမှာလဲ တွေ့ရတတ်ပါတယ်။

အရိုးပွရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?

–  အရိုးလေးတွေ သန်မာလာအောင် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်း။

–  အရိုးသန်မာစေသော Calcium, Vitamin D ပါဝင်သော Salmon၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဟင်းနုနွယ်၊ Broccoli စသော အရွက်များ၊ အစေ့အဆံများ စားသောက်ပေးခြင်း။

–  အသားဓာတ်ပြည့်ဝတဲ့အစားအသောက်တွေကို ပုံမှန်စားပေးပါ။

–  အရက်အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဉ်ပါ။
 
–   Vitamin D ဟာလဲ ခန္ဓာကိုယ်မှ Calcium စုပ်ယူမှုကိုအားပေးတာကြောင့် Vitamin D ရရှိဖို့လဲလိုအပ်ပါတယ်။ မနက်ခင်း နေထွက်ခါစ နေရောင်ခြည်နုနုလေးမှာလဲ Vitamin D လုံလောက်စွာပါဝင်တာကြောင့် ထိတွေ့ပေးသင့်ပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတာမို့ အရိုးပွရောဂါမဖြစ်ရလေအောင် ကြိုတင်ကာကွယ်ကြပါစို့။

References: https://www.nhs.uk/conditions/osteoporosis/
https://www.mayoclinic.org/…/symptoms-causes/syc-20351968

#LifePlus_HealthTips
#EnrichingHealth
#EnhancingBeauty

Leave a Reply

Your email address will not be published. Required fields are marked *