ပူပြင်းတဲ့နေ့ရက်တွေကိုဘယ်လိုရင်ဆိုင်ကာကွယ်ကြမလဲ? Leave a comment

ရာသီဉတုဟာ ပူပြင်းတဲ့နွေရာသီကို ရောက်ရှိလာတဲ့အခါမှာဆိုရင် အဲ့အချိန်မှာဖြစ်လေ့ဖြစ်ထရှိတဲ့ ရေဓာတ်ချို့တဲ့တာ၊ Electrolytes ဓာတ်ဆားများ ချို့တဲ့တာ၊ အစရှိတာတွေ မဖြစ်ရအောင် သတိထားနေထိုင်ရပါမယ်ရှင့်…
မိမိတို့ကျန်းမာရေးအတွက် ခန္ဓာကိုယ်မှာ ကိုယ်အပူချိန်ကို အသင့်အတင့်အနေအထားမှာ ထိန်းသိမ်းထားနေနိုင်ဖို့ဟာ အရမ်းကိုအရေးကြီးတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ကိုယ်အပူချိန်တက်ခြင်း၊ ကျခြင်း တွေဟာ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေကို လျော့ကျစေနိုင်ပြီး သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
ခန္ဓာကိုယ်ကလည်း ဒီလိုအခြေအနေတွေကို အလိုအလျောက်တုံ့ပြန်နိုင်စွမ်းရှိအောင်လည်း ဖန်တီးပေးထားပြီးသားပါ။ ဒါကြောင့်ပူပြင်းတဲ့နေ့တွေမှာဆို ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေတွေကို အလိုအလျောက် အငွေ့ပျံစေပြီးတော့ ချွေးအနေနဲ့ ထွက်ပေးကာ ကိုယ်အပူချိန်ကို ပြန်လည်လျော့ကျစေပါတယ်။ သို့သော်လည်းအပူဒဏ်ကို ကြာမြင့်စွာခံစားရပါက အလွန်အကျွံချွေးထွက်ပြီး ထိုချွေးများမှတစ်ဆင့် ခန္ဓာကိုယ်ထဲရှိ Sodium, Potassium နဲ့ Chloride စတဲ့ (electrolytes) ဓာတ်ဆားများကို ဆုံးရှုံးသွားကာ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။
Electrolytes တွေဟာခန္ဓာကိုယ်ထဲမှာ များစွာသော လုပ်ငန်းဆောင်တာများအတွက် အထောက်အပံ့ပေးပါတယ်။ ဥပမာ-အာရုံကြောဆဲလ်တွေဟာ Sodium နဲ့ Potassium ကိုအသုံးပြုပြီးတော့ သတင်းအချက်အလက်တွေကို အာရုံကြောအဖွဲ့အစည်းသို့ ပို့ဆောင်ပါတယ်။ ကြွက်သားတွေကလည်း အချင်းချင်းပူးပေါင်းလုပ်ဆောင်ဖို့အတွက် အဲ့အရာတွေကိုလိုအပ်ပါတယ်။ ဒါ့အပြင်သွေးထဲမှာရှိတဲ့ Oxygen ပမာဏများပြားဖို့ ၊ သွေးဖိအားနဲ့ သွေးပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးဖို့ စတဲ့လုပ်ငန်းတွေမှာလည်း Electrolytes တွေဟာအရမ်းကို အရေးပါလှပါတယ်။
ရာသီဥတုပူပြီး အလွန်အကျွံ လှုပ်ရှားမှုတွေကြောင့် ချွေးထွက်လွန်ကာ Electrolytes ဓာတ်ဆားတွေဆုံးရှုံးသွားတဲ့အခါမှာဆို Heat cramps လို့ခေါ်တဲ့ ခြေသလုံးကြွက်သား ပေါင်ရှေ့/နောက်ကြွက်သားများ ကြွက်တက်ခြင်း၊ အားအင်ကုန်ဆုံးချိနဲ့ခြင်း၊ မူးခြင်း၊ အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပင်ပန်းလွယ်ခြင်း၊ နှလုံးခုန်ပုံမှန်ထက်မြန်လာခြင်း စသည့်လက္ခဏာများကို ခံစားရနိုင်ပါသည်။ ပိုမိုဆိုးလာပါက သတိလစ်ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။
ထိုသို့ Electrolytes များဆုံးရှုံးမှုကို ဓာတ်ဆားနှင့် အားဖြည့်အချိုရည်ယမကာများကို သောက်သုံးပြီး ဆုံးရှုံးသွားသော ရေနှင့်ဓာတ်ဆား ဓာတ်များကို ပြန်လည်ဖြည့်တင်းပေးခြင်းဖြင့် ကာကွယ်ကုသနိုင်ပါသည်။ ထို့အပြင် အုန်းရည်ကဲ့သို့သော သဘာဝမှရသည့် ဓာတ်ဆား ဓာတ်များပြည့်ဝနေသော အရည်များကိုလည်း သောက်သုံးပေးနိုင်ပါသည်။
Electrolytes ချို့တဲ့မှုကို ကာကွယ်ဖို့အတွက် ပူပြင်းသောရာသီတွင် နေရောင်ခြည်နဲ့ ကြာရှည်စွာ ထိတွေ့ခြင်းများကို ရှောင်ကြဥ်သင့်ပါသည်။ နေ့ခင်း ၁၀ နာရီမှ  ၂ နာရီအတွင်းကို အပြင်ထွက်ခြင်းကို ရှောင်ရှားသင့်ပြီး မဖြစ်မနေထွက်ရမည်ဆိုပါက အရိပ်ရသောလမ်းများ သို့ ထီးစသည်တို့ကို အသုံးပြုသွားလာသင့်ပါသည်။ အလွန်အကျွံလေ့ကျင့်ခန်း လုပ်ခြင်းများကိုလည်း ရှောင်ရှားပြီး ရေကိုလုံလောက်စွာ သောက်သုံးပေးထားရန်လည်း အထူးလိုအပ်ပါသည်။ နွေရာသီနေပူပူကို အံတုနိုင်ဖို့အတွက် အောက်ပါအချက်များကို လိုက်နာသင့်ပါတယ်။
– အရိပ်ရ၍အေးမြသော နေရာများတွင်နေပါ။
– မိမိအသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် လက်လည်ပင်းနှင့်ပခုံးတို့ကိုပါ လုံခြုံသောအရောင်ဖျော့သည့် ပွပွချောင်ချောင် ချည်ထည်များကို၀တ်ဆင်ပါ။
– နေ့လည်နေ့ခင်း အပြင်သွားပါက ထီး၊ ဉီးထုပ်ဆောင်းပါ၊ နေကာမျက်မှန် တပ်ဆင်ပါ။
– ရေများများသောက်ပါ စတာတွေကို သတိပြုလုပ်ဆောင်သင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *