တုပ်ကွေးရောဂါနှင့် ပတ်သက်၍ သိကောင်းစရာများ… Leave a comment

တုပ်ကွေးရောဂါနှင့် ပတ်သက်၍ သိကောင်းစရာများကို ပြောပြပေးချင်ပါတယ်။ ရာသီတုပ်ကွေးရောဂါကို ဖြစ်ပေါ်စေသော ရောဂါပိုးများစွာရှိသည့်အနက်မှ Type A or B influenza viruses (၂)မျိုးကြောင့် အဖြစ်များပါတယ်။
အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး…
  –  ကိုယ်ဝန်ဆောင်မိခင်များ၊
  –  အသက် ၅ နှစ်အောက် ကလေးငယ်များ၊
  –  အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊
  –  ပန်းနာရင်ကျပ်၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါနှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကဲ့သို့သော နာတာရှည်ရောဂါ ခံစားနေရသူများနှင့်
  –  ကျန်းမာရေးဝန်ထမ်းများအနေနှင့် ပို၍ဂရုစိုက်သင့်ပါသည်။
တုပ်ကွေးရောဂါသည် ရောဂါပိုးရှိနေသူတစ်ဦးမှ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော အမှုန်အမွှားလေးများအား လေထုထဲမှတစ်ဆင့် တစ်ခြားသူတစ်ဦးသို့ အသက်ရှူလမ်းကြောင်းမှ ရှူမိရာကနေ ကူးစက်နိုင်ပါသည်။ တုပ်ကွေးရောဂါ ခံစားရပြီဆိုရင်တော့…
 * ဖျားခြင်း၊
 * နှာစေးခြင်း၊
 * လည်ချောင်းနာခြင်း၊
 * ချောင်းဆိုးခြင်း (ချောင်းခြောက်ဆိုးခြင်း)၊
 * ခေါင်းကိုက်ခြင်း၊
 * အရိုးအဆစ်နှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊
 * ဝမ်းလျောခြင်း၊
 * အော့အန်ခြင်း၊
 * ပင်ပန်းနွမ်းနယ်၍ နုံးချည့်ခြင်း စတဲ့လက္ခဏာများ ခံစားရနိုင်ပါတယ်။
တုပ်ကွေးရောဂါကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ နှစ်စဉ် “တုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း” ပဲဖြစ်ပါတယ်။ တုပ်ကွေးရာသီမစခင် အချိန်ကာလတွေမှာ ကာကွယ်ဆေးထိုးနှံထားမယ်ဆိုရင်တော့ အထိရောက်ဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ တုပ်ကွေးရောဂါ ခံစားရပြီဆိုရင်တော့…
  • ရေများများသောက်ပါ။
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို အာဟာရမျှတစွာ စားသုံးပေးပါ။
  • လုံလောက်စွာ အနားယူပါ။
  • နားလည်တတ်ကျွမ်းသော ဆရာဝန်၊ ဆေးဝါးပညာရှင်များနှင့် တိုင်ပင်၍ ထိရောက်သော ကုသမှုများ ခံယူပါ။
  • တခြားသူများကို ကူးစက်မှု လျော့နည်းစေရန်အတွက် နှာချေ၊ ချောင်းဆိုးသည့်အခါ လက်ကိုင်ပုဝါ၊ တစ်ရှူး စသည့်တို့ကို အသုံးပြုပါ။
  • မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်ကို မကြာခဏ ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။
  • နာမကျန်းဖြစ်နေသူများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
  • မိမိကိုင်တွယ် ထိတွေ့ထားသော အရာဝတ္ထုတို့၏ မျက်နှာပြင်များကို သေချာစွာ ပိုးသတ်သန့်ရှင်းရေးလုပ်ပါ။
  • လက်ကိုဆပ်ပြာ (သို့) Alcohol-based Hand gel နှင့်မကြာခဏ စင်ကြယ်အောင် ဆေးကြောပါ။
  • အခြားသူများကို ကူးစက်မှု လျော့ချနိုင်ရန်အတွက် မိမိအိမ်မှာပဲ နေထိုင်ပါ။
  • အဖျား 101-102°F ကို 3-5 ရက်ထက် ပို၍ခံစားရခြင်း။
  • အသက်ရှူရ ခက်ခဲလာခြင်း။
  • ရင်ဘတ်အောင့်ခြင်း။
  • အားနည်း၍ ဖြူဖျော့လာခြင်း။
  • အကြိမ်အရေအတွက်များစွာ အော့အန်ခြင်း စသည်တို့ကို ဆိုးရွားစွာခံစားလာရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်၍ ကုသမှုခံယူပါ။

Leave a Reply

Your email address will not be published. Required fields are marked *