ဆီးချို၊ သွေးချိုရောဂါ သိကောင်းစရာ အဖြာဖြာ… Leave a comment

နှစ်စဉ် November 14th ရက်နေ့သည် “World Diabetes Day” (ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့) ဖြစ်ပါတယ်။ ယခုလို နည်းပညာများ အလွန်တိုးတက်လာသော ခေတ်ကြီးတွင် ယခင်ကလို ကျန်းမာရေးနှင့် မသင့်တော်တဲ့အစားအစာများ၊ ဇိမ်ခံပစ္စည်းများအလွန်များပြားလာပြီး အဝလွန်လာသော လူဦးရေများမှာလည်း အဆများစွာတိုးတက်လာပါတယ်။ ဆီးချိုရောဂါဟာ ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွားမှုနှုန်းမြင့်တက်လာသော စိုးရိမ်စရာရောဂါများမှ တစ်ခုအပါအဝင်ဖြစ်တဲ့အတွက် ဆီးချို၊ သွေးချိုရောဂါနဲ့ ပတ်သက်ပြီး သိကောင်းစရာ ဗဟုသုတလေးတွေ မျှဝေပေးသွားမှာဖြစ်ပါတယ်။

ဆီးချိုရောဂါဆိုတာ ခန္ဓာကိုယ်တွင်းသွေးထဲမှာသကြားဓါတ် (ခေါ်) အချိုဓါတ်များပြားလာခြင်း၊ အင်ဆူလင်ဟော်မုန်းမထုတ်နိုင်ခြင်း၊ ထုတ်နိုင်သော်လည်းကောင်းမွန်စွာ အလုပ်မလုပ်ခြင်း တို့ကြောင့်ဖြစ်ပေါ်လာသော ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ နာတာရှည်ရောဂါအမျိုးအစားဖြစ်ပြီး နှလုံးသွေးကြောနှင့် ဆိုင်သောရောဂါများ၊ အာရုံကြောရောဂါများ စသဖြင့်နောက်ဆက်တွဲ ပြဿနာများကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဆီးချိုရောဂါအမျိုးအစားဘယ်နှစ်မျိုးရှိပါသလဲ?

သာမာန်အားဖြင့်ဆီးချိုရောဂါအမျိုးအစား (၃) မျိုးရှိပါတယ်။

၁။         အမျိုးအစား(၁) ဆီးချိုရောဂါ

  • ပန်ကရိယာဂလင်းမှ အင်ဆူလင်ဟော်မုန်း လုံး၀မထုတ်သောကြောင့် ဖြစ်တဲ့ Type အမျိုးအစားဖြစ်ပါတယ်။
  • အမျိုးအစား(၁)၊ Type(1) ဆီးချိုသည် အသက်(၄၀)အောက်ဝန်းကျင်မှာ ဖြစ်ပွားမှုရှိတာတွေ့ရပါတယ်။

၂။        အမျိုးအစား(၂) ဆီးချိုရောဂါ

အမျိုးအစား(၂) ဆီးချိုရောဂါအမျိုးအစားကတော့ အင်ဆူလင်ဟော်မုန်း ထုတ်တာနည်းခြင်း၊ ထုတ်သောအင်ဆူလင်ဟော်မုန်းအား ခန္ဓာကိုယ်မှလိုအပ်သလို အသုံးမပြုနိုင်ခြင်းက သကြားဓါတ် မချေဖျက်နိုင်သောကြောင့် ဖြစ်လာသော ဆီးချိုရောဂါဖြစ်ပါတယ်။ ဆီးချိုဝေဒနာရှင်အများစုသည် ဤအမျိုးအစား(၂)၊ Type(2)  ဆီးချို၊သွေးချိုကို ခံစားနေကြရပါသည်။

၃။       ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ

ကိုယ်၀န်ဆောင်ချိန်၌ ဖြစ်သောဆီးချိုရောဂါ အမျိုးအစားဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းဓါတ်ပြောင်းလဲခြင်းကြောင့်အင်ဆူလင်ထုတ်ခြင်း ပုံမှန်မဟုတ်သောကြောင့်ဖြစ်တဲ့ အမျိုးအစားဖြစ်ပါတယ်။

ဆီးချိုရောဂါ၏ရှေ့ပြေးလက္ခဏာတွေက ဘာတွေလဲ?

  • ပင်ပန်းနွမ်းနယ်လာတာ၊
  • ပုံမှန်ထက် ရေငတ်တာ၊
  • ဆီးသွားများတာ၊
  • ခန္ဓာကိုယ်အလေးချိန်လျော့ကျလာတာ၊
  • မျက်စိအမြင် ဝေဝါးလာတာ၊
  • အသားအရေခြောက်ခမ်း ယားယံလာတာ၊
  • အနာတွေ အကျက်နှေးတဲ့ကိစ္စတွေက ဆီးချိုရောဂါရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

ဆီးချိုစစ်ရင် ဘယ်လောက်ရှိသင့်လဲ ဆိုတာနဲ့ပတ်သက်ပြီးလည်း ပြောပြပေးသွားပါမယ်။

မနက်စောစော အစားမစားခင်(Fasting)

ဆီးချိုမရှိသောသူ  –         70-99 mg/dl (3.9 – 5.5 mmol/L)

ဆီးချိုရှိသောသူ     –         80-130 mg/dl (4.4 – 7.2 mmol/L)

အစားစားပြီး ၂ နာရီအကြာ

ဆီးချိုမရှိသောသူ –           140 mg/dl အောက် (7.8 mmol/L)

ဆီးချိုရှိသောသူ    –          180 mg/dl အောက် (10.0 mmol/L)

Source: American Diabetes Association

ဆီးချိုရောဂါဖြစ်လျှင် ဆောင်ရန်တွေက ဘာတွေလဲ?

  • ကာဗိုဟိုက်ဒြိတ်နှင့် ကယ်လိုရီပါဝင်မှုနည်းသော ဟင်းသီးဟင်းရွက်များကို များများစားသုံးပါ။ အရည်ရွှမ်းပြီး အချိုဓါတ်နည်းသော သစ်သီးများကိုနေ့စဉ်စားသုံးပါ။
  • ခန္ဓာကိုယ်အတွက် လိုအပ်ပြီးကယ်လိုရီပေးစွမ်းနိုင်သော ဆန်၊ ဂျုံအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့အမျိုးမျိုးတို့ကို သင့်တော်သော ပမာဏအတိုင်းချိန်တွယ် တွက်ဆ၍စားသုံးပါ။
  • နေ့စဉ်ကိုယ်လက်လှုပ်ရှားမှန်မှန်ပြုလုပ်ပါ။ တစ်နေ့ကို လေ့ကျင့်ခန်း နာရီဝက်ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။
  • စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ပါ။
  • မိမိနှင့်သင့်တော်သော ဆီးချိုထိန်းဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ရေရှည်ဆွဲသောက်ပါ။

ဆီးချိုရောဂါကို ကာကွယ်နိုင်ပါသလား  ?

ဆီးချိုရောဂါဟာ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သလိုအစားအသောက် အနေအထိုင်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့နေ့စဉ် စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ သကြားပါဝင်မှုကို လျော့ချစားသုံးမယ်။ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ အသင့်ပြင်ဆင်ပြီးသား အစားအသောက်တွေနဲ့ အချိုရည်တွေကိုလည်း ရှောင်ကြဉ်ပြီးစားသုံးသင့်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပြီး လှုပ်လှုပ်ရှားရှားနေထိုင်မယ်ဆိုရင်တော့ ဆီးချိုရောဂါကို ကာကွယ်နိုင်ပါတယ်။

ဆီးချိုရောဂါတွင် Type I ၊ Type II နှင့် ကိုယ်ဝန်ဆောင်ချိန်ခံစားရသော ဆီးချိုရောဂါဆိုပြီး အမျိုးအစားသုံးမျိုးခွဲထားပါတယ်။
Type I ဆီးချိုရောဂါအမျိုးအစားဟာ —-
Auto-immune disease တစ်မျိုးဖြစ်ပြီး ပြင်ပမှဝင်လာသော အရာများကိုတိုက်ထုတ်ပေးတဲ့ ဆဲလ်များက ကိုယ်တွင်းကပန်ကိရိယရှိဆဲလ်များကို ပြန်လည်တိုက်ခိုက်ဖျက်ဆီးရာမှ Glucose ကို ခန္ဓာကိုယ်မှ သုံးစွဲရာတွင်ကူညီပေးသော Insulin ကို ထုတ်လုပ်နိုင်စွမ်း မရှိတော့တာကြောင့် ကိုယ်တွင်းသကြားဓာတ်များ များပြားလာရခြင်းကြောင့်ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် Insulin ဆေးကို သုံးပေးခြင်းဖြင့် Glucose level မတက်အောင် ထိန်းသိမ်းပေးနိုင်မှာ ဖြစ်ပါတယ်။
Type II ဆီးချိုရောဂါအမျိုးအစားကတော့ —–
အသက်ကြီးလာမှ ခံစားရလေ့ရှိပြီး မျိုးရိုးထဲတွင် ဖြစ်ပွားဖူးသူရှိခြင်း၊ အဝလွန်ခြင်းတို့ကြောင့် ဖြစ်လာနိုင်ပြီး ဆီးချိုရောဂါမဖြစ်အောင်လည်း ကြိုတင်ကာကွယ်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်ချိန်ခံစားရသော ဆီးချိုရောဂါကတော့ ကလေးမွေးဖွားပြီးနောက် သက်သာသွားလေ့ရှိတတ်ပါတယ်။
Type I နှင့် Type II ဆီးချိုရောဂါမှာ ကုသ၍ အပြီးတိုင် ပျောက်ကင်းနိုင်သောရောဂါမဟုတ်ပါ။ သို့သော် Healthy diet၊ Healthy Lifestyle များဖြင့် ဂရုတစိုက်နေထိုင်ပြီး Glucose level ကိုမတက်အောင် ထိန်းသိမ်းထားခြင်း ဆရာဝန်နှင့် သေချာတိုင်ပင်ကာ ဆေးဝါးကုသခြင်း ညွန်ကြားသမျှ လိုက်နာဆောင်ရွက်ခြင်းများပြုလုပ်လျှင် နောက်ဆက်တွဲရောဂါများ ဖြစ်လာခြင်းမှ ကာကွယ်နိုင်ပြီး ကျန်းမာစွာ သက်တမ်းစေ့နေထိုင်နိုင်ပါသည်။

ဆီးချိုရောဂါမဖြစ်ရအောင် ကာကွယ်ဖို့အတွက် သင့်တင့်မျှတသော အစားအသောက်များ ရွေးချယ်စားသုံးခြင်း နေ့စဉ်နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားမှုများ ပုံမှန်ပြုလုပ်ပေးခြင်း အမျှင်ဓာတ်များစွာပါသော အသီးအနှံများ နေ့စဉ်စားသုံးပေးခြင်း ရေများများသောက်ခြင်း အဝမလွန်စေရန် ကိုယ်အလေးချိန်ကို ကရုတစိုက်ထိန်းသိမ်းနေထိုင်ခြင်းများပြုလုပ်ပေးသင့်ပါတယ်ရှင့်။

Leave a Reply

Your email address will not be published. Required fields are marked *