Global Handwashing Day Leave a comment

နှစ်စဉ် October 15th ရက်နေ့သည် တစ်ကမ္ဘာလုံးဆိုင်ရာလက်ဆေးခြင်း (“Global Handwashing Day”) နေ့ဖြစ်ပါတယ်။ လူသားတိုင်းကျန်းမာရေးအတွက် လက်ဆေးခြင်းသည် အရေးကြီးတာကြောင့် လက်ဆေးခြင်းနဲ့ ပတ်သက်ပြီး သိကောင်းစရာ ဗဟုသုတလေးတွေ မျှဝေပေးသွားမှာဖြစ်ပါတယ်။ လက်ဆေးခြင်းသည် အအေးမိတုပ်ကွေးနှင့် Coronavirus disease 19 (Covid-19) ကိုဖြစ်ပွားစေနိုင်သော ရောဂါပိုးများ အပါအဝင် အသက်ရှုလမ်းကြောင်းဆိုင်ရာနှင့် ဝမ်းလျောခြင်းကိုဖြစ်စေသော ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ရောဂါပိုးမွှားများ လူတစ်ဦးမှနောက်တစ်ဦးဆီသို့ ကူးစက်ပျံ့နှံ့ခြင်းကို ကာကွယ်ပေးပြီး ကျန်းမာစွာနေနိုင်ရန်အတွက် အရေးကြီးဆုံးနှင့် အလွယ်ကူဆုံးသော နည်းလမ်းဖြစ်ပါတယ်။
ရောဂါပိုးမွှားများသည် ဘယ်လိုကနေ ကူးစက်ပျံ့နှံ့နိုင်ပါသလဲ?
– မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်များကို မသန့်ရှင်းသော လက်ဖြင့်ထိတွေ့မိခြင်း၊
– မသန့်ရှင်းသော လက်ဖြင့် အစားသောက်များကို ပြင်ဆင်ခြင်း သို့မဟုတ် စားသောက်ခြင်း၊
– ရောဂါပိုးမွှားများ ပြန့်နေသော မျက်နှာပြင်များ သို့မဟုတ် အရာ၀တ္ထုများကို ထိတွေ့မိခြင်း၊
– လက်ဖြင့် ကာ၍ နှပ်ညှစ်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းများ ပြုလုပ်ပြီး အခြားလူ၏လက်များကို ထိတွေ့ခြင်း သို့မဟုတ် အများသုံး အရာ၀တ္ထုများ/ မျက်နှာပြင်များဖြစ်သည့် တံခါးလက်ကိုင်များ၊ စားပွဲများ၊ စျေးဝယ်တွန်းလှည်းများ အစရှိသည်တို့ကို ထိတွေ့ကိုင်တွယ်ခြင်း၊
– လူထူထပ်သောနေရာများကို သွားရောက်ခြင်း များမှတဆင့် ကူးစက်ပျံ့နှံ့နိုင်ပါတယ်။
ဘယ်အချိန်တွေမှာ လက်ဆေးသင့်ပါသလဲ?
– အစားအစာများ ပြင်ဆင်မချက်ပြုတ်မီ၊ ပြင်ဆင်ချက်ပြုတ်နေစဉ်နှင့် ပြင်ဆင်ချက်ပြုတ်ပြီးသောအခါ၊
– အစာမစားမီနှင့် စားပြီးသောအခါ၊
– နေမကောင်းသောသူကို ထိတွေ့ ပြုစုပြီးသောအခါ၊
– ထိခိုက်ရှနာများ၊ အနာများကို ကိုင်တွယ်ပြီးသောအခါ၊
– သန့်စင်ခန်း သွားပြီးသောအခါ၊
– သန့်စင်ခန်း သွားပြီးသော ကလေးကို သန့်ရှင်းရေး လုပ်ပေးခြင်း သို့မဟုတ် Diaper လဲလှယ်ပေးခြင်းများ ပြုလုပ်ပြီးသောအခါ၊
– နှပ်ညှစ်ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းများ ပြုပြီးသောအခါ၊
– တိရစ္ဆာန်များကို ထိတွေ့ခြင်း၊ အစာကျွေးခြင်း၊ တိရစ္ဆာန် အညစ်ကြေးများ ကိုင်တွယ်ပြီးသောအခါ၊
– အမှိုက်သရိုက် အညစ်ကြေးများ ကိုင်တွယ်ပြီးသောအခါတွေမှာ လက်ကိုစင်ကြယ်စွာ ဆေးပေးသင့်ပါတယ်။
လက်ကိုဘယ်လိုဆေးကြမလဲ?
၁။ လက်များကို သန့်ရှင်းသော ရေဖြင့် စိုစွတ်အောင်လုပ်ပါ။
၂။ လက်များကို ဆပ်ပြာဖြင့် ပွတ်တိုက်ပါ။ လက်ဖမိုး၊ လက်ချောင်းကြားနှင့် လက်သည်းကြားများကိုလည်း ဆပ်ပြာဖြင့် ပွတ်တိုက်ပါ။
၃။ လက်များကို အနည်းဆုံး စက္ကန့် (၂၀) ကြာသေချာစွာ ပွတ်တိုက်ဆေးကြောပါ။
၄။ လက်များကို သန့်ရှင်းသောရေဖြင့် ဆေးကြောပါ။
၅။ သန့်ရှင်းသောပုဝါစ သို့မဟုတ် လက်အခြောက်ခံစက်ဖြင့် လက်ကိုခြောက်အောင်ပြုလုပ်ပါ။
ရေနှင့်ဆပ်ပြာကို အသုံးပြု၍ လက်ကိုဆေးကြောခြင်းသည် ရောဂါပိုးမွှားများကို ဖယ်ရှားရန် အကောင်းဆုံးနည်းဖြစ်ပါတယ်။ ရေနှင့်ဆပ်ပြာ အလွယ်တကူ မရရှိနိုင်ပါက အနည်းဆုံး အယ်လ်ကိုဟော 60% ပါဝင်သော လက်သန့်ဆေးရည်ဖြင့် ဆေးကြောနိုင်ပါတယ်။ လက်သန့်ဆေးရည်သည် ရောဂါပိုး အမျိုးအစားအားလုံးကို ဖယ်ရှားမပေးနိုင်ပါ။ လက်သန့်ဆေးရည်သည် လက်သိသာစွာ ညစ်ပေနေလျှင် သို့မဟုတ် စေးကပ်နေလျှင် ထိရောက်မည် မဟုတ်ပါ။ အန္တရာယ်ရှိသော ပိုးသတ်ဆေးများ၊ Heavy metals များကို ဖယ်ရှားပေးနိုင်မည်မဟုတ်ပါ။ Global Handwashing Day အတွက် ဆောင်ပုဒ်ကတော့ “Our future is at Hand- Let’s Move Forward Together” ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *