အိပ်မပျော်ခြင်း နှင့် Melatonin Leave a comment

အိပ်မပျော်ဘူး ဆိုတာတွေကို အခုရက်ပိုင်းမှာ သင့်ပတ်ဝန်းကျင်မှာ ခပ်စိပ်စိပ်ကြားလာရတာတွေ ရှိမှာပါ။ အိပ်မပျော်ခြင်း နှင့် Melatonin အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။
ဘာကြောင့် အိပ်မပျော်လဲ???
အိပ်မပျော်ရခြင်းကို သိပ္ပံနည်းအရ ၂ မျိုးခွဲထားပါတယ်။
(1) Primary Insomnia
– ပတ်ဝန်းကျင် အသံဆူညံမှု၊ မိမိအိပ်စက်သည့်အခန်းအတွင်း အပူချိန်ကြောင့်၊အလင်းရောင်ကြောင့်။
– မိမိပုံမှန်အိပ်ချိန်ဟာ အကြောင်းအမျိုးမျိုးကြောင့် ကမောက်ကမ ဖြစ်လာတာကြောင့်၊ ခရီးသွားရတာတွေကြောင့်။
– မိမိ နေ့ခင်းဘက်မှာ တွေ့ကြုံလာရတဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ဖိစီးမှုများနေခြင်း။
(2) Secondary Insomnia
– ကော်ဖီ၊ အရက်နှင့် ဆေးလိပ် သောက်တက်သောသူများ။
– စိတ်ကျရောဂါ ခံစားနေရခြင်း၊ စိုးရိမ်ပူပန်မှုများနေခြင်း။
– Thyroid hormone များနေသောသူများ။
– နာတာရှည် ရောဂါများကြောင့် ဆေးများအဆက်မပျက် သောက်သုံးနေရသောသူများ။
– ညဘက်မအိပ်နိုင်အောင် အလွန်အမင်းနာကျင်သော ရောဂါခံစားနေရသူများ (ဥပမာ- ကင်ဆာရောဂါ) အစရှိတဲ့ အထက်ပါအချက်တွေကြောင့် လူတော်တော်များများ အိပ်မပျော်တာတွေ ဖြစ်လာရတတ်ပါတယ်။
နောက်တစ်ခုကတော့ အခုလက်ရှိ Covid-19 ကမ္ဘာကပ်ရောဂါကူးစက်ခံရတဲ့ လူနာတွေဟာ Coronasomnia လို့ခေါ်တဲ့ အိပ်မပျော်တဲ့ရောဂါကို ခံစားလာရပါတယ်။ Covid-19 ကြောင့် အလွန်အမင်းစိုးရိမ်ပူပန်ရခြင်း၊ တစ်ဦးတယောက်တည်း သီးခြားနေထိုင်ရခြင်း၊ စီးပွားရေးအဆင်မပြေမှုကို စိုးရိမ်ပူပန်ရခြင်း၊ စိတ်ကျရောဂါစွဲကပ်လာခြင်း စတာတွေကြောင့် အိပ်မပျော်တာတွေ ဖြစ်လာပါတယ်။ ရောဂါဝေဒနာ ခံစားနေရတဲ့သူတွေဟာ ပြန်လည်ကျန်းမာလာဖို့အတွက် အစားအသောက်ပါမက ကောင်းမွန်စွာ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ အိပ်စက်အနားယူခြင်းဟာ ကျွန်တော်တို့ လူသားတွေအတွက် လွန်စွာအရေးပါပါတယ်။ အိပ်မပျော်ညတွေ များလာတာနှင့်အမျှ ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးနှင့် ခန္ဓာကိုယ်ကျန်းမာရေးဟာ ပိုမိုချို့ယွင်းဖို့ ရာခိုင်နှုန်းများလာပါတယ်။
အိပ်ပျော်အောင် ဘယ်လိုလုပ်မလဲ???
– စိတ်ဖိစီးမှုကို လျော့ချပါ။
– မိမိခံစားနေရသော ရောဂါအား ဆရာဝန်နှင့်ပွင့်လင်းစွာ တိုင်ပင်ပြီး ကုသမှုခံယူပါ။
– ကောင်းမွန်စွာ အနားယူပါ။
– အိပ်မပျော်စေမယ့်အရာတွေ စားသုံးခြင်းကနေ တတ်နိုင်သမျှ ရှောင်ကျဥ်ပါ (ဥပမာ- ကဖင်းဓါတ်များတဲ့ အစားအစာတွေ၊ အငံဓါတ်များတဲ့ အစားအစာတွေ)။
– အိပ်ပျော်ခြင်းကို အထောက်အကူပြုမယ့် Amino acid၊ Vitamin B အုပ်စု၊ Carbohydrates၊ Calcium ၊ Magnesium စတာတွေပါတဲ့ အစားအစာတွေ ဖြစ်တဲ့ နွားနို့၊ အဆီများတဲ့ ငါး၊ ငှက်ပျောသီး၊ ပဲအမျိုးမျိုး၊ သစ်ကြားသီး၊ အစေ့အဆံ အမျိုးမျိုး၊ ဂေါ်ဖီ၊ မုန့်ညင်း၊ အာလူးသီး၊ ဟင်းနုနွယ် အစရှိတဲ့အစားအစာများကို စားသုံးပေးသင့်ပါတယ်။ နောက်တစ်ခုကတော့ အခုနောက်ပိုင်း ဖြည့်စွက်စာအနေနဲ့ Melatonin ကို သောက်သုံးလာကြပါတယ်။
Melatonin ဆိုတာ ဘာလဲ???
Melatonin ဆိုတာကျွန်တော်တို့ ဦးနှောက်ကနေ ပုံမှန်ထုတ်ပေးနေတဲ့ သဘာဝဟော်မုန်းတစ်မျိုးပါ။ နေ့အလင်းရောင်ကနေ ညဘက်အမှောင်ကို ကူးပြောင်းလာတာနှင့် အမျှ ကျွန်တော်တို့ ဦးနှောက်ရဲ့ သေးငယ်တဲ့ Pineal gland ကနေ အလိုအလျောက် Melatonin ကိုထုတ်လုပ်ပေးပါတယ်။ မနက်ဘက်အလင်းရောင်ဝင်လာတာနဲ့ Melatonin ထုတ်လုပ်မှုက သူ့အလိုလိုရပ်သွားပါတယ်။ အဲ့လိုနည်းအားဖြင့် Melatonin ဟာကျွန်တော်တို့ရဲ့  Sleep-wake cycle ကို ညီမျှအောင်လုပ်ဆောင်ပေးပါတယ်။ အကယ်၍ကျွန်တော်တို့ဟာ အကြောင်းအမျိုးမျိုးကြောင့် အိပ်ချိန်မမှန်လာတာတွေ များလာတာနှင့်အမျှ Melatonin ရဲ့ Sleep-wake cycle လုပ်ငန်းကို ပုံမမှန်ဖြစ်စေပြီး ကျွန်တော်တို့မှာ အိပ်မပျော်ရက်တွေ များလာနိုင်ပါတယ်။ အဲ့လိုအချိန်မှာ ကျွန်တော်တို့ဟာ Melatonin sleep hormone ကိုပြင်ပကနေ ဖြည့်စွက်စာအနေဖြင့် သုံးစွဲလာကြပါတယ်။ Melatonin ကို 0.2mg ကနေ 10mg အထိလိုအပ်သလို ဆေးပညာရှင်များ၊ ဆရာဝန်များညွှန်ကြားချက်ဖြင့် သောက်သုံးနိုင်ပါတယ်။ Melatonin ကိုမအိပ်ခင် ၁ နာရီ ကြိုတင်သောက်သုံးပြီး မီးပိတ်ပြီးအိပ်ရင်တော့ အကောင်းဆုံးပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *