မမျိုးဥအိမ်ကင်ဆာ အကြောင်း သိကောင်းစရာ Leave a comment

မမျိုးဥအိမ်ဆိုတာ အမျိုးသမီးမျိုးပွားအင်္ဂါအစိတ်အပိုင်းတခုဖြစ်ပြီး မျိုးပွားရာမှာအဓိကကျတဲ့ မမျိုးဥများအပြင် ခန္ဓာကိုယ်အတွက်အရေးပါတဲ့ progesterone နဲ့ estrogen ဆိုတဲ့ Hormone ၂ မျိုးကိုလည်း ထုတ်ပေးပါတယ်။ မမျိုးဥအိမ်ကဆဲလ်လေးတွေက ပုံမှန်မဟုတ်တဲ့ဆဲလ်ပွားနှုန်းများလာတဲ့အခါမှာ မမျိုးဥအိမ်ကင်ဆာရောဂါ ဖြစ်ပေါ်လာပါတယ်။ မမျိုးဥအိမ်ကင်ဆာကို ပေါ့ဆစွာနဲ့ မကုသပဲထားမိရင် တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေထိပါ ပျံ့နှံ့နိုင်ပြီး အသက်ဆုံးရှုံးရတဲ့ အထိဖြစ်လာနိုင်ပါတယ်။ မမျိုးဥအိမ်ကင်ဆာမှာ ၃ မျိုးရှိပါတယ်။
– Germ cell tumor မမျိုးဥထုတ်ပေးတဲ့ ဆဲလ်လေးတွေမှာကင်ဆာဖြစ်တာ
– Stromal tumor ဟော်မုန်းထုတ်ပေးတဲ့ ဆဲလ်လေးတွေမှာ ကင်ဆာဖြစ်တာ
– Epithelial tumor မမျိုးဥအိမ်ရဲ့ အပြင်ဘက်နံရံဆဲလ်လေးတွေမှာ ကင်ဆာဖြစ်တာ စသဖြင့်ခွဲခြားလို့ရပါတယ်။

မမျိုးဥအိမ်ကင်ဆာရောဂါလက္ခဏာတွေက ဘာတွေလဲ??
– ဝမ်းဗိုက်၊ တင်ပါး၊ခါးရိုးနေရာများတွင် ကြာရှည်စွာနာကျင်မှုဒဏ်ခံစားရခြင်း
– ဖောရောင်ခြင်း
-ရာသီသွေးဆင်းမှုအချိန်မမှန်ခြင်း
-လိင်ဆက်ဆံရာမှာ နာကျင်ခြင်း
-မကြာခဏဆီးသွားခြင်း၊ ဆီးသွားတဲ့အခါနာကျင်ခြင်း
စတဲ့ လက္ခဏာတွေကို ၂ ပတ်နှင့်အထက်ကြာရှည်စွာ ခံစားလာရပြီဆိုရင် နီးစပ်ရာဆေးခန်းမှာသွားပြီး ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မမျိုးဥအိမ်ကင်ဆာရောဂါ ဘယ်လိုလူတွေမှာ အဖြစ်များသလဲ?

-အဝလွန်ရောဂါရှိတဲ့လူတွေ
-အသက်အရွယ်ကြီးတဲ့လူတွေ
-အသက် ၃၅ နှစ်နောက်ပိုင်းမှ ကိုယ်ဝန်ဆောင်တဲ့လူတွေ၊ ကိုယ်ဝန်တခါမှမဆောင်တဲ့အမျိုးသမီးတွေ
-ဆေးလိပ်သောက်တဲ့လူတွေ
-ရင်သားကင်ဆာဖြစ်ထားတဲ့အမျိုးသမီးတွေ
-မိသားစုမျိုးရိုးထဲမှာ ရင်သားကင်ဆာ၊မမျိုးဥအိမ်ကင်ဆာ စတဲ့ကင်ဆာရောဂါမျိုးရိုးရှိတဲ့ အမျိုးသမီးတွေ
စတဲ့ လူတွေမှာ အဖြစ်များတာကိုတွေ့ရပါတယ်။

မမျိုးဥအိမ်ကင်ဆာရောဂါကိုဘယ်လို ကာကွယ်မလဲ??

မမျိုးဥအိမ်ကင်ဆာရောဂါကိုတိတိကျကျကာကွယ်ဖို့ နည်းလမ်းကတော့ မရှိသေးပါဘူး။ သို့ပေမဲ့ မမျိုးဥအိမ်ကင်ဆာရောဂါကို ကလေးမွေးထားပြီးတဲ့ မိခင်များနဲ့ ကလေးကို မိခင်နို့တိုက်ကျွေးတဲ့ အမျိုးသမီးများ၊ သားဥအိမ်ပြွန်ကို ချည်နှောင်၊ဖြတ်တောက်ထားတဲ့ အမျိုးသမီးများ နဲ့ ကိုယ်ဝန်တားဆေးများကို နှစ်ရှည်လများ သုံးစွဲနေသော အမျိုးသမီးများမှာ မမျိုးဥအိမ်ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနည်းတာကို တွေ့ရပါတယ်။ အကယ်၍မမျိုးဥအိမ်ကင်ဆာရောဂါဖြစ်ပွားမှုကို သေချာစွာကာကွယ်ချင်ရင် ဆရာဝန်နဲ့ သေချာစွာဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Reference: www.cancer.orgwww.mskcc.org

#LifePlus
#EnrichingHealth
#EnhancingBeauty
#NyeinthawTar_Pharmacist

See less

Leave a Reply

Your email address will not be published. Required fields are marked *