Asthma လို့ အများစုသိထားကြတဲ့ ပန်းနာရင်ကြပ်ရောဂါဟာ ကမ္ဘာပေါ်မှာ အသက်အရွယ်မရွေး ဖြစ်ပွားလျက်ရှိပါတယ်။ ပန်းနာရင်ကျပ်ဆိုတာ လေပြွန်တွေရောင်ရမ်းတဲ့ ရောဂါဖြစ်ပါတယ်။ လေပြွန်တွေရောင်ရမ်းတဲ့ အတွက်ကြောင့် ကျဉ်းမြောင်းလာပြီး ချွဲတွေနဲ့ ပြည့်လာတာကြောင့် အသက်ရှူရကြပ်လာပြီး တရွှီးရွှီးနဲ့ မောလာပြီး အသက်ရှူရာတွင် ဒုက္ခရောက်နိုင်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါသည် နာတာရှည်ရောဂါဖြစ်ပြီး မျိုးဗီဇနဲ့ ပတ်ဝန်းကျင်က အချက်အလက်တွေကြောင့် ပန်းနာရင်ကြပ်ရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။ ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာ ပန်းနာရင်ကြပ်ရောဂါဟာ ပေါ့ပေါ့ဆဆ နေသင့်တဲ့ရောဂါ မဟုတ်ပါဘူး။ အထူးသဖြင့် အခုဖြစ်ပွားနေတဲ့ Covid-19 ကမ္ဘာ့အသက်ရှူလမ်းကြောင်း ဆိုင်ရာကပ်ရောဂါဟာ ပန်းနာရင်ကြပ်ရောဂါ အခံရှိတဲ့သူတွေကို ပိုမိုကူးစက်နိုင်တာကြောင့် အထူးဂရုစိုက်နေထိုင်သင့်ပါတယ်။
ပန်းနာရင်ကြပ်ရောဂါရှိမရှိဆိုတာ သိနိုင်ဖို့ရာအတွက်ကတော့ မိမိမှာ မကြာခဏ ချောင်းဆိုးတာတွေ၊ အသက်ရှူရတာပင်ပန်းနွမ်းနယ်တာတွေ အဖြစ်များလာရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ သွားရောက်ပြသပြီး ရောဂါရှိမရှိ စစ်ဆေးကုသမှုခံယူသင့်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါရှိသူတွေကလည်း မိမိပုံမှန်မှီဝဲနေကျဆေးများကို ဂရုတစိုက်အချိန်မှန် သောက်သုံးခြင်း၊ ရှူခြင်းများကို ပြုလုပ်သင့်ပါတယ်။ အကယ်၍ ဆေးကိုပုံမှန်မမှီဝဲပါက ပန်းနာရင်ကြပ်ရောဂါဟာ ပိုဆိုးလာနိုင်ပါတယ်။ ရောဂါပိုဆိုးလာရင် အသက်ရှူရတာ ခက်ခဲလာမယ်၊ အသက်ရှူသံ တရွှီးရွှီးမြည်လာမယ်၊ ချောင်းတွေပိုဆိုးလာမယ်၊ စကားပြောရခက်ခဲလာမယ်၊ အသားရည်တွေ ပြာနှမ်းလာမယ်၊ အဲ့လိုတွေဖြစ်လာရင်တော့ အသက်အန္တရာယ်ရှိတဲ့အထိ ပိုဆိုးလာနိုင်တဲ့အတွက် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ အမြန်ဆုံးသွားရောက်ကုသမှုခံယူသင့်ပါတယ်။
ဒါတွေကြောင့် ပန်းနာရင်ကြပ်ရောဂါရှိသူတွေဟာ ပုံမှန်ဆေးသောက်၊ ဆေးရှူတာတွေ၊ ဆေးခန်းကို ပုံမှန်သွားရောက်ပြသတာတွေ လုပ်ဆောင်ပေးဖို့လိုပါတယ်။ အခုလို Covid-19 ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်းကို ပုံမှန်သွားရောက်မပြသဖြစ်ရင် မိမိသုံးစွဲနေကြဖြစ်တဲ့ ဆေးဝါးများကိုတော့ မပြတ်လပ်အောင် ပုံမှန်ဝယ်ယူသုံးစွဲသင့်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါရှိသူတွေဟာ မသန့်ရှင်းသော ဖုန်မှုန့်၊ မီးခိုးငွေ့ စတာတွေပါတဲ့ လေကိုရှူရှိုက်ခြင်းမှ တတ်နိုင်သလောက်ရှောင်ကြဥ်ပါ။ အစား များများစားပါ။ ပေါ့ပေါ့ပါးပါး နေ့စဥ်လမ်းလျှောက်တာတွေ လုပ်ဆောင်ပေးပါ။ အပြင်သွားရင် နှာခေါင်းစည်းတပ်ဆင်တာတွေ၊ လက်ကို စနစ်တကျဆေးကြောတာတွေကို ဂရုတစိုက်လုပ်ဆောင်သင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါကို အမြစ်ပြတ်အောင် ကုသလို့မရနိုင်ပေမဲ့ ရောဂါလက္ခဏာတွေ ပိုပြီးမဆိုးဝါးလာအောင် ထိန်းထားလို့ရနိုင်ပါတယ်။
ဒီလောက်ဆိုရင် ပန်းနာရင်ကြပ်ရောဂါကို ဘာကြောင့်ဂရုစိုက်သင့်လဲဆိုတာ အားလုံးပဲသိလောက်ပြီလို့ မျှော်လင့်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။