ရင်သွေးငယ်များ ကျန်းမာဖွံ့ဖြိုးတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့… Leave a comment

ဒီတစ်ခေါက်မှာတော့ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောပြပေးသွားပါမယ်။ မိမိတို့ရဲ့ ရင်သွေးလေးတွေ ကျန်းမာဖွံ့ဖြိုးတဲ့ဘ၀တွေကို ပိုင်ဆိုင်ဖို့ဆိုတာ မိဘတိုင်းအတွက် အင်မတန်အရေးကြီးတဲ့ အချက်ပါ။ ကလေးတွေနဲ့ ပတ်သက်တဲ့ အစာအာဟာရ ကျွေးမွေးမှုပုံစံ၊ ကိုယ်ကာယလှုပ်ရှားမှု၊ လုံလောက်တဲ့အိပ်စက်ချိန် အစရှိတာတွေကစလို့ ကျန်းမာဖွံ့ဖြိုးတဲ့ဘ၀ကိုရရှိဖို့ လုပ်ဆောင်ပေးရမယ့်အချက်တွေဟာ မိဘတိုင်း မရှိမဖြစ်သိသင့်တာတွေမို့ သေချာလေးပြောပြပေးသွားပါ့မယ်။

၁။ အာဟာရပြည့်၀တဲ့ အစားအစာတွေကို ကျွေးပေးရပါမယ်။ အသားဓါတ်ပါတဲ့ အစားအစာတွေက ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။ နို့နဲ့ဥကတော့ ကလေးတွေရဲ့ အရိုးအဆစ်တွေကို သန်မာစေပြီး ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအတွက်အထူးကောင်းမွန်ပါတယ်။

၂။ နေ့စဉ်စားသောက်မှုပုံစံထဲမှာ သကြားပါ၀င်မှု လျော့နည်းစေတာကလည်း ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ အထူးသဖြင့် သကြားပါ၀င်မှုများတဲ့ စွမ်းအားဖြည့်အချိုရည်တွေဆိုရင် (၂) နှစ်အောက်ကလေးတွေကို လုံး၀မတိုက်သင့်ပါဘူး။ အသင့်သောက်အချိုရည်တွေဟာ သကြားပါ၀င်မှုများတဲ့အတွက် ကလေးတွေမှာ သွားနဲ့ဆိုင်‌တဲ့ရောဂါတွေဖြစ်နိုင်စေပါတယ်။

၃။ ကလေးတွေမှာ လုံလောက်တဲ့အိပ်စက်ချိန် ရှိရပါမယ်။ ကလေးတစ်ယောက် ကျန်းမာစွာကြီးထွားဖွံ့ဖြိုးလာဖို့ရာအတွက်ဆိုရင် လုံလောက်တဲ့အိပ်စက်ချိန် အင်မတန်လိုအပ်ပါတယ်။ အကြံပြုရမယ်ဆိုရင်တော့ ကလေးတွေကို စောစောအိပ်ရာဝင်‌စေပြီး စောစောအိပ်ရာထတာက ကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။

၄။ ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့ သစ်သီး၀လံတွေ ကျွေးပါ။ အာဟာရပြည့်၀တဲ့အစားအသောက်တွေအပြင် သန့်ရှင်းတဲ့သောက်သုံးရေကလည်း ကလေးတွေရဲ့ ကျန်းမာတဲ့နေထိုင်မှုပုံစံအတွက် အရေးပါတဲ့အရာတစ်ခုပါ။ မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးငယ်တွေကို တစ်နေ့ အနည်းဆုံး ရေဖန်ခွက် ၅ ခွက်မှ ၉ ခွက်အထိ သောက်တတ်တဲ့အလေ့အကျင့်လေးဖြစ်အောင် တိုက်တွန်းပေးသင့်ပါတယ်။ ဒါမှသာ ၀မ်းချုပ်ခြင်း၊ ရေဓါတ်နည်းခြင်း စတဲ့ အချက်တွေကနေ ကာကွယ်ပေးနိုင်မှာပါ။

၅။ ကလေးတွေဟာ သူတို့မြင်သမျှ ကြားသမျှကို သင်ယူတတ်ကြတဲ့အလေ့အကျင့်ရှိတတ်ကြတာမို့ ကလေးတွေရဲ့ရှေ့မှာ ကောင်းမွန်တဲ့အလေ့အထတွေကိုသာ ပြုမူဆောင်ရွက်သင့်ပါတယ်။ ဥပမာ ကျန်းမာရေးနဲ့ပတ်သက်တယ်ဆိုရင်လည်း သူတို့ရှေ့မှာ အာဟာရပြည့်၀တဲ့မုန့်မျိုးကိုသာ စားသုံးပေးတာမျိုး၊ အစားစားချိန် ပုံမှန်ရှိနေတာမျိုး စသည်ဖြင့် ဖြစ်ပါတယ်။

၆။ ကိုယ်ကာယလေ့ကျင့်မှုကိုလည်း ကလေးတွေဆီမှာ အလေ့အကျင့်ဖြစ်နေအောင် သင်ကြားပေးထားသင့်ပါတယ်။ ဒီနေ့ခေတ်ကလေးငယ်တွေဟာ တီဗွီ၊ ဖုန်း စတဲ့ အရာတွေနဲ့သာ ကုန်ဆုံးချိန်များနေကြတာမို့ အ၀လွန်တဲ့ရောဂါဟာ ကလေးတွေမှာတောင် အဖြစ်များလာကြပါပြီ။ ဒါကိုရှောင်ရှားနိုင်ဖို့ဆိုရင် နေ့စဉ် နာရီ၀က်၊ တစ်နာရီခန့် ကိုယ်လက်လှုပ်ရှား ကစားတတ်တဲ့အကျင့်မျိုး (ဥပမာ စက်ဘီးစီးတာ၊ ကြိုးခုန်တာ၊ ရေကူးတာ) ကိုမိဘတွေအနေနဲ့ လေ့ကျင့်ပေးသင့်ပါတယ်။

၇။ ကလေးတွေကို လက်ဆေးတတ်တဲ့အကျင့်ဖြစ်အောင် လေ့ကျင့်ပေးပါ။ လက်ဆေးခြင်းဟာ ကလေးတွေရဲ့ကျန်းမာရေးအတွက် အရေးပါတဲ့အချက်ဖြစ်တာကြောင့် အိမ်မှာရော ကျောင်းမှာပါ လက်ဆေးတဲ့အကျင့်ရှိတာဟာ ကောင်းမွန်တဲ့အချက်ပါ။ အစားမစားခင် လက်ဆေးခြင်း၊ အိမ်သာကပြန်လာပြီးတိုင်းမှာ လက်ဆေးခြင်း၊ မသန့်ရှင်းတဲ့ အရာ၀တ္ထုတစ်ခုခုကိုင်ပြီးတိုင်းမှာ လက်ဆေးခြင်း စတဲ့ကောင်းမွန်တဲ့အကျင့်ကို မိမိတို့ရဲ့ ကလေးတွေရှိလာစေဖို့ သင်ကြားပေးရပါမယ်။

၈။ နှာချေ၊ ချောင်းဆိုးတဲ့အခါ လက်ကိုင်ပုဝါ သို့မဟုတ် တစ်ရှူးကိုအသုံးပြုရမယ်ဆိုတာကိုလည်း ကလေးတွေကို သင်ကြားပေးရပါမယ်။ အသုံးပြုပြီးသား လက်ကိုင်ပုဝါ သို့မဟုတ် တစ်ရှူးကိုစနစ်တကျ စွန့်ပစ်တတ်ဖို့ပါ သင်ကြားပေးရပါမယ်။

၉။ မိမိရဲ့ တစ်ကိုယ်ရည်သုံး အသုံးအဆောင် (ဥပမာ မျက်နှာသုတ်ပုဝါ၊ လက်သည်းညှပ်၊ သွားတိုက်တံ) တွေကို တခြားသူငယ်ချင်းတွေနဲ့ မျှဝေမသုံးစွဲရဘူး ဆိုတဲ့ အချက်ကိုလည်း ကလေးတွေကို ပြောပြထားရပါမယ်။ ဒီလိုအရာတွေကို မျှဝေသုံးစွဲလိုက်ရင် ရောဂါပိုးမွှားတွေ အလွယ်တကူရရှိနိုင်တာကြောင့် ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲဆိုးကျိုးတွေကိုပါ ကလေးတွေနားလည်လာအောင် သေချာ ပြော‌ပြထားပေးသင့်ပါတယ်။

၁၀။ သွားကျန်းမာရေးအတွက် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် (တစ်နေ့ကိုနှစ်ကြိမ်) သွားတိုက်ပေးရမယ်ဆိုတဲ့ အကျင့်ကိုလည်း ကလေးတို့ငယ်ဘ၀မှာကတည်းက အကျင့်ဖြစ်နေအောင် လေ့ကျင့်ပေးသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကျန်းမာကြံ့ခိုင်တဲ့ကလေးလေးတွေ ဖြစ်လာအောင် မိဘတွေအနေနဲ့ ဘယ်လိုအချက်တွေ ပြုစုပျိုးထောင်ပေးရမလဲဆိုတာကို သိသွားလောက်ပါပြီ။ ဒါကြောင့်မို့ မိမိရင်သွေးငယ်တွေအတွက် မှန်ကန်တဲ့နေထိုင်မှုပုံစံကို ငယ်ဘ၀မှာကတည်းက အလေ့အကျင့်ဖြစ်လာဖို့အတွက် အခုပဲလေ့ကျင့်သင်ကြားပေးလိုက်ပါနော်။

Reference: https://familydoctor.org/tips-for-healthy-children-and…/
www.healthmeup.com
https://timesofindia.indiatimes.com/health-tips-for-your…

Leave a Reply

Your email address will not be published. Required fields are marked *