အမျိုးသမီး ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ… Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့မတူဘဲ ခံစားရနိုင်တဲ့ ရောဂါလေးတွေရှိပါတယ်။ အချို့သောရောဂါတွေ (ဥပမာ ဆီးချို၊ သွေးတိုး၊ နှလုံး စတဲ့ရောဂါ) သည်အမျိုးသားရော အမျိုးသမီးမှာ ခံစားရနိုင်တယ်ဆိုပေမယ့် အချို့သောရောဂါတွေကတော့ အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထမရှိပေမယ့် အမျိုးသမီးတွေမှာပဲ ခံစားရတာမျိုး ရှိတတ်ပါတယ်။ အချို့သောရောဂါတွေမှာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များတာမျိုး ဖြစ်တတ်ပါတယ်။

ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံချင်း မတူသလိုအာဟာရလိုအပ်ချက်လည်း မတူတာကြောင့် အမျိုးသမီးတွေမှာမှ ခံစားရနိုင်တဲ့ အဖြစ်များတဲ့ရောဂါတွေက အတော်လေးများပါတယ်။ ဒါတွေအပြင် အမျိုးသမီးတွေက အမျိုးသားတွေထက် ရုတ်တရက်နှလုံးရပ်တာကြောင့် သေဆုံးနိုင်ခြေ ပိုများနေသလို စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေကိုလည်း အမျိုးသမီးတွေ မကြာခဏဆိုသလိုခံစားရလေ့ရှိတတ်ပါတယ်။

အခုခေတ်ကာလအရကြည့်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝတွေ၊ လူမှုအဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ နေရာတိုင်းနီးပါး ပါဝင်လာကြပြီဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် အမျိုးသမီးတွေဟာ မိသားစုအရေး၊ လူမှုရေး၊ စီးပွားရေး ၊ ပညာရေးစတဲ့ အရာအားလုံးကိုဂရုစိုက်မှုပေးရင်း မိမိကိုယ်ကိုဂရုစိုက်ဖို့ မေ့နေတာမျိုးတွေရှိနေကြပါတယ်။ စိတ်ဖိစီးမှုများရတာမျိုးရှိတဲ့အတွက် စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ နှလုံးကြွက်သားအားနည်းတဲ့ရောဂါတွေခံစားရလာရပါတယ်။
နှလုံးရောဂါလက္ခဏာဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ သိသိသာသာပြတာ အတော်လေးနည်းပါတယ်။ အသက်ရှုမဝဘဲမွန်းကြပ်တာ၊ ရင်ဘတ်ထဲကစူးစူးပြီးအောင့်တာ၊ မေးရိုး၊ ခါး၊ ဝမ်းဗိုက်အပေါ်ပိုင်း နာကျင်မှုတွေမအီမသာဖြစ်တာ၊‌ ခေါင်းမူးတာ စတဲ့လက္ခဏာတွေခံစားရကာမှ စစ်ဆေးရင်းနှလုံးရောဂါဖြစ်နေမှန်းသိကြတာပါ။ လေ့လာချက်တွေအရနှလုံးရောဂါနဲ့ လေဖြတ်တာကြောင့်အသက်ဆုံးရှုံးရတဲ့ အမျိုးသမီးတွေက နှစ်တိုင်းတစ်စတစ်စ များပြားလွန်းနေပါတယ်။ ဒါကြောင့်အမျိုးသမီးတွေဟာ မိမိကိုယ်ကိုဂရုစိုက်မှုဖို့ ပိုပြီးလိုအပ်လာတယ်ဆိုတာ သတိထားရမှာပါနော်…

Leave a Reply

Your email address will not be published. Required fields are marked *