အဆုတ်ရောင်ရောဂါကို ကာကွယ်ရန်လုပ်ဆောင်သင့်သည်များ Leave a comment

အဆုတ်ရောင်ရောဂါ (Pneumonia) ဆိုတာဘာလဲ?

အဆုတ်ရောင်ရောဂါဆိုတာ အဆုတ်တစ်ခြမ်း (သို့) နှစ်ဖက်လုံးမှာရှိတဲ့ တစ်ရှူးများ ယောင်ရမ်းတာမျိုး ဖြစ်ပါတယ်။ များသောအားဖြင့်အဆုတ်ရောင်ရောဂါက ဘတ်တီးရီးယားပိုးကြောင့် ဖြစ်လေ့ဖြစ်ထရှိပေမယ့် ဗိုင်းရပ်ပိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ (ဥပမာ ကိုဗစ်ဗိုင်းရပ်ပိုးဖြစ်ပါတယ်)

အဆုတ်ရောင်ရောဂါရဲ့ ရောဂါလက္ခဏာတွေက ၂၄ နာရီ (သို့) ၄၈ နာရီအတွင်းမှာ ပြသနိုင်ပေမယ့် ၎င်းလက္ခဏာများဟာ ရက်အနည်းငယ်ကြာလာတာနဲ့အမျှတဖြည်းဖြည်း ဆိုးရွားလာနိုင်ပါတယ်။ အဆုတ်ရောင်ရောဂါရဲ့ ယေဘုယျလက္ခဏာများက…

  • ချောင်းဆိုးခြင်း၊
  • အသက်ရှူရခက်ခဲခြင်း၊
  • နှလုံးခုန်မြန်ခြင်း၊
  • ကိုယ်အပူချိန်မြင့်ခြင်း၊
  • နေထိုင်၍မကောင်းခြင်း၊
  • ချွေးထွက်ခြင်းနှင့် ခိုက်ခိုက်‌တုန်အောင်ချမ်းခြင်း၊
  • အစားစားချင်စိတ်မရှိခြင်း၊
  • ရင်ဘက်အောင့်ခြင်း (အသက်ရှူသောအခါနှင့် ချောင်းဆိုးသောအခါတွင် ပိုအောင့်ခြင်း) တို့ဖြစ်နိုင်ပါသည်။

အဆုတ်ရောင်ရောဂါကို ဘာကဖြစ်စေတာလဲ?

အဆုတ်ရောင်ရောဂါကို အဓိကဖြစ်စေတာက ဘတ်တီးရီးယားပိုးကြောင့်ဖြစ်ပါတယ်။ ဘတ်တီးရီးယားပိုးအပြင် တခြားဖြစ်စေသော အကြောင်းအရာများမှာ…

၁။ ဗိုင်းရပ်ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ (ဥပမာ – ကိုဗစ်ဗိုင်းရပ်ပိုး)၊

၂။ တစ်ခုခုကို အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ရှူမိသောအခါ ဖြစ်သော အဆုတ်ရောင်ရောဂါ (ဥပမာ – ပဲစေ့) ထိုသို့ဖြစ်ပါက စက်ကိရိယာရဲ့အကူအညီကို သုံးပြီး ဖယ်ရှားဖို့ လိုအပ်ပါတယ်။

၃။ မှိုကြောင့်ဖြစ်သောအဆုတ်ရောင်ရောဂါ – ၎င်းသည် ကိုယ်ခံအားစနစ်အားနည်းသော သူများကို ပိုပြီး သက်ရောက်စေနိုင်ပါတယ်။

၄။ ဆေးရုံ တက်ရောက်ကုသခံစဉ် အဆုတ်ရောင်ရောဂါပိုး ကူးစက်ခံရခြင်းလည်း ဖြစ်နိုင်ပါတယ်။

အဆုတ်ရောင်ရောဂါ ဝင်လွယ်သောသူများဖြစ်သည့်…

  • ‌ကလေးငယ်များ၊
  • အသက်ကြီးသူများ၊
  • ဆေးလိပ် သောက်သောသူများ၊
  • ပန်းနာရင်ကြပ်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း မကောင်းသူများ၊
  • ခုခံအားစနစ်အားနည်းသူများ  စသောသူများသည် အထူးသတိထားပြီး နေထိုင်သင့်ပါတယ်။

အဆုတ်ရောင်ရောဂါကို ကာကွယ်ရန်အတွက်…

  • နှာခေါင်းစည်းအုပ်ပါ။
  • နှာချေ၊ ချောင်းဆိုးပြီးတိုင်း လက်ကိုင်ပုဝါ သို့ တစ်ရှူးအသုံးပြုပါ။ (အသုံးပြုပြီးသော တစ်ရှူးများကိုလည်း ချက်ချင်း စနစ်တကျစွန့်ပစ်ပါ)
  • လက်ကိုသေချာစွာဆေးကြောပါ။

အထက်ပါနည်းများအပြင် ဆေးလိပ်မ‌သောက်ခြင်းကလည်း အဆုတ်ကိုထိခိုက်မှု ပိုနည်းပါးစေပါတယ်။ အရက်အလွန်အကျွံသောက်ခြင်းကလည်း အဆုတ်ရဲ့ ခုခံစွမ်းအားကို လျော့ကျစေနိုင်သောကြောင့် ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

#LifePlus_HealthTips
#EnrichingHealth
#EnhancingBeauty

Leave a Reply

Your email address will not be published. Required fields are marked *