နွေရာသီမှာ ဘေဘီလေးတွေကို ပိုပြီးဂရုစိုက်ပေးဖို့အတွက် နည်းလမ်းများ Leave a comment

ရာသီတိုင်းမှာ ကလေးတွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် နွေရာသီမှာပိုမို ပူပြင်းတဲ့အတွက် ဘေဘီလေးတွေကို ပိုပြီးဂရုစိုက်ပေးသင့်ပါတယ်။
ကမ္ဘာကြီးက တစ်နေ့ထက်တစ်နေ့ အပူချိန်တွေဟာ မြင့်မားလာတဲ့အတွက် နွေရာသီမှာ ဘေဘီလေးတွေကို ပိုပြီးဂရုစိုက်ပေးဖို့ လိုအပ်လာပါတယ်။ အထူးသဖြင့် မွေးကင်းစလေးတွေပါ။ ဘေဘီလေးတွေဟာ လူကြီးတွေလို ပူအိုက်တာကို ပြောပြတတ်တဲ့အရွယ်တွေ မဟုတ်ကြလို့ နွေရာသီရောက်လာပြီဆိုရင်တော့ သူတို့လေးတွေကို ဘယ်လိုဂရုစိုက်ပေးသင့်တယ်ဆိုတာလေး ပြောပြချင်ပါတယ်။
၁) ဘေဘီလေးတွေ အရမ်းပူအိုက်ပြီး ရေဓာတ်ဆုံးရှုံးနေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ?
ကလေးငယ်တွေမှာ ချွေးဂလင်း အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့အတွက် ပူအိုက်တဲ့ ခံစားမှု လက္ခဏာကို ရှင်းရှင်းလင်းလင်း သတိပြုမိဖို့ ခက်ခဲတတ်ပါတယ်။ အရင်ကလို ပုံမှန် ဆော့ကစားနေတာမျိုး မရှိတော့တာ၊ ထိုင်းမှိုင်းနေတတ်တာ၊ စိတ်ခံစားချက် လွယ်တာ၊ အရေပြားဟာ ပုံမှန်ထက်ခြောက်သွေ့နေတာ၊ အသက်ရှူမြန်တာ၊ ဂဏာမငြိမ်ဖြစ်နေတာ၊ အသားလေးက နွေးနေတာ ဒါတွေအားလုံးဟာ ရေဓာတ်ဆုံးရှုံးခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ နောက်ပြီး ဘေဘီလေးတွေဟာ လူကြီးတွေထက် ရေဓာတ်ဆုံးရှုံးချိန် ကြာတာကြောင့် နို့သောက်ဖို့ငြင်းဆန်နေမယ်၊ ဆီးမသွားဘဲ ဖြစ်နေမယ်၊ အဖျားကြီးတာတွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ စီစဉ်သင့်ပါတယ်။
၂) ဘေဘီလေးတွေအတွက် ရေဓာတ် ဘယ်လိုဖြည့်ပေးမလဲ?
ပူအိုက်တဲ့ရာသီမှာ ရေဓာတ်ပြန်လည် ဖြည့်တင်းဖို့အတွက် ရေများများ သောက်ရတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ ဒီလိုပဲဘေဘီလေးတွေအတွက် ရေဓာတ်ပြန်လည်ဖြည့်ပေးဖို့ မိခင်နို့ရည် များများတိုက်ပေးဖို့ လိုပါတယ်။ ခြောက်လအောက် ကလေးတွေကိုတော့ ရေမတိုက်သင့်ပါဘူး။ အရင်ကထက်ပိုပြီး မိခင်နို့ရည် မကြာခဏတိုက်ပေးပါ။ ဒါမှ ဘေဘီလေးတွေရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။
၃) တစ်နေ့ရေဘယ်နှစ်ကြိမ် ချိုးပေးသင့်သလဲ?
ဘေဘီလေးတွေကို တစ်နေ့နှစ်ကြိမ်နဲ့အထက် ရေချိုးပေးနိုင်ပါတယ်။ ဒါဟာဘေဘီလေးတွေရဲ့ အကြိုက်‌ပေါ်မှာပဲ မူတည်ပါတယ်။ သတိထားရမှာက ဘေဘီလေးတွေကို ချိုးပေးတဲ့ရေဟာ အနည်းငယ်နွေးသင့်ပါတယ်။ အရမ်းအေးလွန်း အရမ်းပူလွန်းတာတွေတော့ မဖြစ်သင့်ပါဘူး။
၄) ဘယ်လိုအချိန် အပြင်မထွက်သင့်ဘူးလဲ?
နေရောင်ခြည်ဟာ မနက် ၁၀နာရီကနေ နေ့လည်  ၂ နာရီအတွင်း အပြင်းထန်ဆုံးဖြစ်လို့ ဒီလိုအချိန်တွေမှာကလေးတွေနဲ့ အပြင်သွားတာမျိုးကို မလုပ်သင့်ပါဘူး။ မဖြစ်မနေအပြင်သွားရမယ်ဆိုရင်လည်း လိုအပ်တဲ့ ကလေးနေကာခရင်မ်- Baby Suncream below SPF 15 ကိုလိမ်းပေးတာ၊ အကျီ၊ ဘောင်းဘီအရောင်ဖျော့ဖျော့ ဝတ်ဆင်ပေးတာ၊ မျက်နှာအကာအကွယ်ဖြစ်စေမယ့် ဦးထုပ်၊ ထီး စတဲ့လိုအပ်တဲ့ ဂရုစိုက်မှုတွေပြုလုပ်သွားဖို့ အရေးကြီးပါတယ်။
၅) ဘယ်လို အဝတ်အစားတွေ ဝတ်ပေးသင့်လဲ?
ပူအိုက်တဲ့ရာသီမှာ ဘေဘီလေးတွေကို ဆွယ်တာလို အဝတ်အစားတွေ၊ ဦးထုပ်တွေ ဝတ်ဆင်ပေးတာမျိုး မလုပ်သင့်ပါဘူး။ ချည်သားလိုမျိုး ပေါ့ပေါ့ပါးပါး ချွေးစုပ်ပြီး အေးတဲ့အဝတ်အစားတွေကို ဝတ်ဆင်ပေးသင့်ပါတယ်။ လူကြီးတွေဟာ ပူအိုက်တဲ့ရာသီမှာ မိမိတို့သက်တောင့်သက်တာဖြစ်အောင် ဝတ်ဆင်သလိုပဲ ဘေဘီလေးတွေကိုဝတ်ဆင်ပေးသင့်ပါတယ်။
နောက်ဆုံး သတိပြုရမှာ တစ်ခုကတော့ ဘေဘီလေးတွေကို ပုခက်ထဲမှာ အကြာကြီးထည့်ထားတာတွေ မလုပ်သင့်ပါဘူး။ ဒါဟာကလေးတွေကို အရမ်းပူပြီး ချွေးစေးတွေပိုထွက်စေလို့ပါ။ ဘေဘီလေးတွေကို လေဝင်လေထွက် ကောင်းပြီးသက်တောင့်သက်သာဖြစ်တဲ့ နေရာမှာ အိပ်စက်စေဖို့ ပြုလုပ်ပေးသင့်ပါတယ်။ ချစ်စရာ ဘေဘီလေးတွေအားလုံး ကျန်းမာပျော်ရွှင်ရတဲ့အချိန်ကို ပိုင်ဆိုင်နိုင်ကြပါစေ။
**ပိုမိုကျန်းမာအလှတိုးမှာ LifePlusမှာ ဈေးဝယ်ပါ**

Leave a Reply

Your email address will not be published. Required fields are marked *